ညာနောက်ခံလူအခြေအနေအပေါ် စိုးရိမ်နေကြောင်း တူချယ်ဖွင့်ဟလာ
===================
သောမတ်စ်တူချယ်က ဂျာရဲလ်ကွန်ရှာ ဒဏ်ရာရရှိလာမှုနှင့်အတူ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ အင်္ဂလန်ရဲ့ ညာနောက်ခံလူပြဿနာအပေါ် စိုးရိမ်နေရကြောင်း ဝန်ခံ ပြောကြားလာပါတယ်။
ကွန်ရှာဟာ ရီစီဂျိမ်းစ် ဒဏ်ရာရရှိနေမှုနှင့်အတူ မနေ့ညတုန်းက ပနားမားအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ပွဲထွက်ကစားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဒုတိယပိုင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် ဥမင်လှိုဏ်ခေါင်းသို့ တိုက်ရိုက်တန်းဝင်သွားခဲ့ရပါတယ်။
ကွန်ရှာ ဒဏ်ရာရရှိလာမှုနှင့်အတူ သောမတ်စ်တူချယ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ညာနောက်ခံလူပြဿနာကြီးမားစွာ ကြုံလာရပြီလည်း ဖြစ်ပါတယ်။
ညာနောက်ခံလူရီစီဂျိမ်းစ်မှာ တံကောက်ကြောဒဏ်ရာ ရရှိနေသလို တီနိုလီဗရာမန်တိုမှာလည်း ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက်ထားရပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း တူချယ်ဟာ ညာနောက်ခံလူအဖြစ် ဒီဂျက်စပန့်စ်ကိုသာ အားကိုးလာရတော့မှာလည်း ဖြစ်ပါတယ်။ တဖက်တွ်င တူချယ်အနေဖြင့် အင်္ဂလန်ရဲ့ ၃ ပွဲလုံးတွင် ဗဟိုနောက်ခံလူအဖြစ် ကစားလာတဲ့ ကွန်ဆာကို ညာနောက်ခံလူအဖြစ် အသုံးပြုနိုင်ပါသေးတယ်။
တူချယ်က "ခြေကျင်းဝတ်ထိသွားတာ။ သူ နာကျင်နေတယ်။ အရင်ကတည်း ဒီပြဿနာ ကြုံနေကြောင်း သူ ပြောခဲ့တာ။ ဖြစ်လာတာ ရက်အနည်းငယ် ရှိပြီ။ ခြေထောက်ကို အမြင့်မှာထားပြီး ရေခဲကပ်ထားရတယ်။ ညာနောက်ခံလူအခြေအနေအပေါ် စိုးရိမ်တာပေါ့။ ဒီနေရာမှာ နောက်ထပ်ပြဿနာကြုံလာပြန်ပြီလေ။ ရီစီဂျိမ်းစ်ကလည်း မရေရာဘူး။ အခု ဂျာရဲလ်ကွန်ရှာထပ်ဖြစ်ပြန်ပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်က အဖြေရှာဖို့ပါ။ အဖြေရှာသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်ဟာ ဇူလိုင်လ ၁ ရက်နေ့တွင် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဒီမိုရက်တစ်ကွန်ဂိုနှင့် ရင်ဆိုင်ကစားရပါမယ်။