ဒီမိုကရက်တစ်ကွန်ဂိုနှင့်ပွဲတွင် ပွဲထွက်ကစားလာမဲ့ အင်္ဂလန်ကွင်းလယ်လူဒီကလန်ရိုက်စ်
====================
အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်ဒီကလန်ရိုက်စ်ဟာ လာမဲ့ ဗုဒ္ဓဟူးနေ့တွင် ဒီမိုကရက်တစ်ကွန်ဂိုနှင့်ရင်ဆိုင်ကစားရမဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပွဲထွက်ကစားလာမည်ဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမားဟာ အင်္ဂါနေ့တုန်းက ဂါနာနှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် ခြေသလုံးဒဏ်ရာရရှိပြီးနောက် ပနားမားအား ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် အနားပေးခြင်းခံခဲ့ရပါတယ်။
အသက် ၂၇ နှစ်ရှိ ဒီကလန်ရိုက်စ်ဟာ ပနားမားနှင့်ပွဲမတိုင်မီ အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်း မရှိပေမဲ့လည်း နယူးဂျာစီသို့ မထွက်ခွာမီ အသင်းနှင့်အတူ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းနိုင်ခဲ့ပါတယ်။
သောမတ်စ်တူချယ်ဟာ ဒီကလန်ရိုက်စ် ဒဏ်ရာကြောင့် နားနေစဉ် ကွင်းလယ်တွင် ဂျူ့ဘယ်လင်ဂမ်နှင့် အီးလီးယော့အင်ဒါဆင်တို့ကို အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ ယခုအခါ တူချယ်ဟာ အတ္တလန္တာတွင် ကစားမဲ့ ကွန်ဂိုနှင့်ပွဲတွင် ဒီကလန်ရိုက်စ်အား ပွဲထွက်လူစာရင်းတွင် ပြန်လည် ထည့်သွင်းလာပါမယ်။
တဖက်တွင် တူချယ်ဟာ ညာနောက်ခံလူများဖြစ်ကြတဲ့ ရီစီဂျိမ်းစ်နှင့် ဂျာရဲလ်ကွန်ရှာတို့ ဒဏ်ရာရရှိနေမှုနှင့်အတူ ညာနောက်ခံလူနေရာအတွက် ခေါင်းခဲလျက်ရှိပါတယ်။