အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်မှု တတိယမြောက် နိုင်ငံ အဖြစ် လာအိုနိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီးနှင့်အတူ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် လာအိုနိုင်ငံသမ္မတ သွန်လွန် စီဆူလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရေးပါသည့် ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
ယခု ခရီးစဉ်သည် နိုင်ငံတော်သမ္မတ၏ မကြာသေးမီက တရုတ်၊ အိန္ဒိယ နိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အပြီး ဆက်လက်ဆောင်ရွက်သည့် ဒေသတွင်း သံတမန်ရေးလှုပ်ရှားမှုတစ်ရပ်ဖြစ်ကာ အစိုးရသစ် ၏ ၂ လကျော်ကာလအတွင်း နယ်နမိတ်ချင်း ထိစပ် နေသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်မှု တတိယမြောက် နိုင်ငံ ဖြစ်သည်။
မြန်မာ-လာအို နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးသည် ၇၁ နှစ် ရှိလာနေပြီဖြစ်ပြီး ပိုမိုခိုင်မာစေမည့် ခရီးစဉ်တစ်ရပ်အဖြစ် မျှော်လင့်ထားကြောင်း သိရသည်။