လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား ဇွန် ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသများအားလုံးတွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ သွားရောက်ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားပြီး ခရီးသွားလာမှုဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကိုလည်း အလေးထားစီစဉ်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လမ်းဖွင့်ဖိတ်ကြားထားသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကြံ့ကြံ့ခံနိုင်ရည်ရှိသော စီးပွားရေးတည်ဆောက်ရေးနှင့် ပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

image