ကိုယ်ဝန်ဆောင်မှု အငြင်းပွားမှုအတွက် နစ်နာကြေးပေးလာရတော့မဲ့ လာဇီယို
======================

လာဇီယိုအမျိုးသမီးအသင်းဟာ ကိုယ်ဝန်လွယ်ထားရတယ်ဆိုပြီး ဥပေမဲ့ စာချုပ်ဖျက်သိမ်းမှုအတွက် အလယ်တန်းကစားသမားဟောင်းမာဂျာဂေါ့ဘတ်ကို နစ်နာကြေးပေးလာရတော့မှာ ဖြစ်ပါတယ်။
အားကစားသမာဓိခုံရုံးက ဆွီဒင်ကစားသမားအား မျက်နှာသာပေးကာ ဆုံးဖြတ်ချက်ချာလာတာ ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားများသမ္မဂကတော့ ထူးခြားတဲ့ အောင်နိုင်မှုတစ်ခုအဖြစ် ကြေညာသွားပါတယ်။
ဂေါ့ဘတ်ဟာ လာဇီယိုအသင်းထံမှ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးလည်း ရရှိလာပါဦးမယ်။
တဖက်တွင် လာဇီယိုဟာ ဂေါ့ဘတ် ကိုယ်ဝန်လွယ်ထားရတဲ့သတင်းအား ကစားသမားရဲ့ သဘောတူညီမှု တစုံတရာရယူခြင်း မရှိဘဲ ကစားဖော်များအား အသိပေးမှု ပြုလုပ်ခဲ့ကြောင်းလည်း တွေ့ရှိခဲ့ရပါသေးတယ်။
ဂေါ့ဘတ်ဟာ ဖီဖာရဲ့ အငြင်းပွားမှု တရားစီရင်ရေးအဖွဲ့အစည်း(Dispute Resolution Chamber (DRC) တွင် အမှုရှုံးနိမ့်ပြီးနောက် အားကစားသမာဓိခုံရုံးသို့ အမှုအား ယူဆောင်လာခဲ့တာပါ။
ဂေါ့ဘတ်ဟာ ၂၀၂၃-၂၄ ရာသီတွင် ၂၉ ပွဲကစားကာ အသင်းကို အီတလီအဆင့်မြင့်တန်းလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ရာသီနှောင်းပိုင်းတွင် ကလပ်နှင့် ပြဿနာတက်ခဲ့တာပါ။
ထိုစဉ်တုန်းက သူမက ကလပ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးစဉ် (စာချုပ်မချုပ်ရသေးမီ) Whatsapp တွင် စာချုပ်ချုပ်ဆိုထားပြီ ဖြစ်ကြောင်း မက်ဆေ့ချ်များ အပို့ခံခဲ့ရပါတယ်။
ဒါပေမဲ့ စာချုပ်အပြီးသတ်မချုပ်မီမှာပင် ဂေါ့ဘတ်ဟာ ကိုယ်ဝန်လွယ်ထားရကြောင်း သိရပြီး စာချုပ်သစ်ချုပ်ဆိုရန် မသင့်ကြောင်း ယူဆကာ ကလပ်ကို တင်ပြခဲ့ပါတယ်။
လာဇီယိုဘက်ကမူ ကစားသမားနှင့် အပြည့်အစုံသဘောတူညီမှု ရရှိထားခြင်း မရှိသကဲ့သို့ ကစားသမားဘက်က ဆက်လက်ကစားလိုရန် ဆန္ဒမရှိတော့ကြောင်း ကြေညာလာမှုနှင့်အတူ နှစ်ဦးနှစ်ဖက်အကြား တင်းမာမှုဖြစ်လာခဲ့ပါတယ်။
ဖီဖာစည်းမျဉ်းအရ ကလပ်များအနေဖြင့် ကိုယ်ဝန်လွယ်ထားမှုကို စာချုပ်ဖျက်သိမ်းရေး အကြောင်းပြချက် ပေးနိုင်ခြင်း မရှိပါဘူး။
ဂေါ့ဘတ်ဟာ လာဇီယိုနှင့်အမှုဖြစ်ပြီးနောက် တစ်ကမ္ဘာလုံးဆိုင်ရာပရော်ဖက်ရှင်နယ်ကစားသမားသမ္မဂနှင့် ဆွီဒင်ကစားသမားများရဲ့သမ္မဂတို့ရဲ့ထောက်ခံအားပေးမှုများ ရရှိပြီးနောက် အမှုအား ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။
ယခင် ၂၀၂၃ ခုနှစ်တုန်းက အိုက်စလန်အသင်းခေါင်းဆောင်ဟောင်းဆာရာဘာဂျိုဂန်နာဒေါ့တာမှာလည်း ကိုယ်ဝန်လွယ်ထားရစဉ်အတွင်း လိုင်ယွန်ထံမှ လုပ်ခမရရှိမှုအတွက် အမှုရင်ဆိင်ခဲ့ရာ ယူရို ၈၂၀၀၀ ကျော် ရရှိခဲ့ပါတယ်။

image