အမျိုးသမီးဘောလုံးလောကတွင် အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြင့် ရှရိုးဒါကို ရီးရဲလ်မက်ဒရစ် ခေါ်ယူလာ
======================
ရီးရဲလ်မက်ဒရစ်ဟာ ဆယ်ကျော်သက်တိုက်စစ်သမားဖီလီစီယာရှရိုးဒါကို အမျိုးသမီးဘောလုံးသမိုင်းတွင် အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၁၉ နှစ်ရှိ ဆွီဒင်လက်ရွေးစင်ဟာ ဆွီဒင်ကလပ် BK Hacken အတွက် ၁၂၈ ပွဲတွင် ၉၁ ဂိုးသွင်းပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေတုန်းက အိုလန်ဒိုပရိုက်ဟာ တီဂရီမှ အသက် ၂၆ နှစ်ရှိ မက္ကဆီကိုတောင်ပံကစားသမားလစ်ဇဘတ်အိုဗယ်လီအား ကမ္ယာ့အမြင့်မားဆုံးပြောင်းရွှေ့ကြေး(အမျိုးသမီး) ဒေါ်လာ ၁.၅ သန်းဖြင့် ခေါ်ယူခဲ့ရာ ယခု ရှရိုးဒါရဲ့ ပြောင်းရွှေ့ကြေးမှာ ယင်းထက် မြင့်မားလာဖို့ ရှိနေပါတယ်။
ရှရိုးဒါရဲ့ အေးဂျင့်နှင့် ဂိုသင်ဘတ်အခြေစိုက် ဟက်ကင်က ပြောင်းရွှေ့ကြေး ဘယ်လောက်ဆိုတာ အတိအကျ ပြောဆိုဖို့ ငြင်းဆိုခဲ့ပေမဲ့ ဒေါ်လာ ၁.၅ သန်းထက် မြင့်မားကြောင်း ဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပိန်လီဂါအက်ဖ်တွင် ချန်ပီယံ ဘာစီလိုနာနှင့်ရမှတ် ၁၅ မှတ်ကွာဟကာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။