ဂါနာအရန်ခုံအား ‘f*** you’ သို့ ဆဲဆိုပြီးနောက် နည်းပြကွီရော့ဇ်နှင့် ပြဿနာတက်ခဲ့တဲ့ ဘယ်လင်ဂမ်
===================
ဂျူ့ဘယ်လင်ဂမ်ဟာ ဂါနာနှင့်ပွဲစဉ်ပထမပိုင်းအပြီးတွင် ဂါနာအရန်ခုံအား ‘f*** you’ လို့ ဆဲဆိုခဲ့ပြီး ဂါနာနည်းပြကားလို့စ်ကွီရော့ဇ်နှင့် ပြဿနာတက်ခဲ့ပါတယ်။
အင်္ဂလန်ဟာ ဘော်စတွန်တွင် ကစားတဲ့ ဂါနာနှင့် ဂိုးမရှိသရေကျတဲ့ ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်ရဲ့ ပထမပိုင်းတွင် စိတ်ပျက်စရာကြုံခဲ့ရပါတယ်။
ဘယ်လင်ဂမ်ဟာ ပထမပိုင်းပြီးခါနီးတွင် ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ သူဟာ ဂါနာအရန်ခုံရှေံတွင် ဂျီရုမ်းအိုပိုကူကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာ ဖြစ်ပြီး အဝါကတ်ပြသခြင်းမခံခဲ့ရပါဘူး။
ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များ ဥမင်လှိုဏ်ခေါင်းသို့ ဝင်ချိန်မှာတော့ ဘယ်လင်ဂမ်ဟာ ဂါနာနည်းပြအဖွဲ့ဝင်နှင့် ပြဿနာတက်ခဲ့ပါတယ်။
သူဟာ ဂါနာနည်းပြအဖွဲ့ဝင် ဂျွန်ပိန့်ဆဲလ်နှင့် ပြဿနာတက်ခဲ့တာ ဖြစ်ပြီး ‘f*** you’ လို့ အပြန်အလှန်ဆဲဆိုခဲ့ကြပါတယ်။
ယင်းရန်ပွဲသို့ ဂါနာနည်းပြကားလို့စ်ကွီရော့ဇ်လည်း ပါဝင်လာပြီး ဘယ်လင်ဂမ်ဆီ သွားရောက်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြအဖွဲ့ဝင်အချို့တို့က ကွီရော့ဇ်အား ဆွဲထိန်းထားခဲ့ကြပါတယ်။
အင်္ဂလန်လက်ထောက်နည်းပြအန်တိုနီဘယ်ရီနှင့် ကစားဖော်မော်ဂန်ရိုဂျာတို့ကလည်း ကျောနံပါတ် ၁၀ အား ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းခဲ့ကြပါတယ်။
ဂိုးမရှိသရေကျတဲ့ပွဲအပြီးတွင် ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ကွီရော့ဇ်က "ဒီဖျက်ထုတ်မှုကြောင့် စိတ်အေးအေးထား ကစားဖို့ သူ့ကို (ဘယ်လင်ဂမ်)ကို ပြောချင်တာပါ။ အဝါကတ်ပြသင့်တယ်။ ရှင်းရှင်းလေးပဲ။ ကျွန်တော်တို့ ကစားသမားကို သူကန်ခဲ့တာ။ ကျွန်တော့်ကစားသမား ၁၀၀ ရာခိုင်နှုန်း ဖြစ်မနေမှာ စိုးရိမ်ခဲ့တယ်။ သူက ကြမ်းတမ်းတဲ့စကားတချို့ ပြောပြီး ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့တယ်။ ဒါကြောင့်ပဲ ရန်ပွဲစတာ"လို့ ပြောကြားသွားပါတယ်။
ဘယ်လင်ဂမ်ရဲ့ ဆဲဆိုပြောကြားမှုအပေါ် ကွီရော့ဇ်က "ဘောလုံးမှာ ဒါက ပုံမှန်ပါ"လို့ ပြောကြားသွားပါတယ်။
ဘယ်လင်ဂမ်ဟာ ဂါနာနှင့်ပွဲတွင် အသက် ၂၂ နှစ်နှင့် ၃၅၉ ရက်ဖြင့် အင်္ဂလန်အတွက် ပွဲ ၅၀ မြောက် ကစားလာတာ ဖြစ်ပြီး ဝိန်းရွန်းနီရဲ့စံချိန်ကို ရိုက်ချိုးလာပါတယ်။