ငါ ပြန်လာပြီ" ဝေဖန်မှုများအပေါ် အဖြေပေးလာတဲ့ စံချိန်သစ်ရှင် ခရစ္စတီယာနိုရော်နယ်ဒို
=====================

"ငါ ပြန်လာပြီ။ ငါ ပြန်လာပြီ"
ဥဇဘက်ကစ္စတန်ကို ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းပြီးတဲ့နောက် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ရုပ်သံကင်မရာရှေ့မှာ ကြွေးကြော်ကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သူက ပေါ်တူဂီရဲ့ ပြဿနာကောင်လို့ ဝေဖန်ပြောဆိုနေကြသူများကို တုံ့ပြန်လာပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ကမ္ဘာ့ဖလားခြောက်ကြိမ် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်ကြီး စိုက်ထူနိုင်ခဲ့မှုကြောင့် ရရှိလာတဲ့ ပျော်ရွှင်မှုကို မထိန်းထားနိုင်ဘဲ အကြီးအကျယ် ပျော်ရွှင်ခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ကို အသုံးမဝင်တော့တဲ့ ကစားသမားတစ်ဦးအဖြစ် ဝေဖန်ခဲ့ကြသူများအား အပြီးပြည့်စုံဆုံး တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီမိုကရက်တစ်ကွန်ဂိုနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာတုန်းက ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိမှုနှင့်အတူ အားလုံးရဲ့ ဝေဖန်ခြင်းခံခဲ့ရပါတယ်။ အထူးသဖြင့် အခြားစူပါစတားတွေဖြစ်ကြတဲ့ အာဂျင်တီးနားရဲ့လီယွန်နယ်မက်ဆီ၊ အင်္ဂလန်ရဲ့ ဟယ်ီရကိန်း၊ ဘရာဇီးရဲ့ ဗီနီရှပ်စ်ဂျူနီယာ၊ နော်ဝေရဲ့ အာလင်းဟာလန်း၊ ပြင်သစ်ရဲ့ ကိုင်လီယန်ဘက်ပေးတို့ ခြေစွမ်းပြနေချိန်မှာ ပေါ်တူဂီအတွက် ဘာမှ လုပ်မပြနိုင်ခဲ့မှုနဲ့အတူ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဝေဖန်ရေးသမားတွေရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဥဇဘက်ကစ္စတန်နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ကမ္ဘာ့ဖလားပါတီထဲမှာ ပါဝင်လာပါတယ်။
သူဟာ ပွဲအစ ၆ မိနစ်မှာပင် ဂျာအိုကန်စီလိုရဲ့ ဖြတ်တင်ဘောကနေ လှပစွာ ပိတ်သွင်းပြီး ကမ္ဘာ့ဖလားစံချိန်ဂိုးကို သွင်းခဲ့ပါတယ်။ ယင်းနောက် သူဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြီးပြည့်စုံတဲ့ ဖန်တီးမှုကနေ ပြီးပြည့်စုံတဲ့ အဆုံးသတ်မှုဖြင့် ဒုတိယဂိုးသွင်းခဲ့ပါတယ်။
ဒီပွဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ခူဆာနော့ဗ်ရဲ့ ဂိုးလိုင်းရှင်းထုတ်မှုကြောင့် ဟက်ထရစ် မရခဲ့တာပါ။
ပွဲအပြီး 'ငါ ပြန်လာပြီ' ကြွေးကြော်မှုနှင့်ပတ်သက်ပြီး မေးမြန်းခံလာရချိန်မှာတော့ Ballon d'Or ၅ ကြိမ်ပိုင်ရှင်က "၂၃ နှစ်တိုင်တိုင် ဒါမျိုး လုပ်ပြတာကို သူတို့(ဝေဖန်သူတွေ) မမေ့စေဖို့ပါ။ ကျွန်တော် အရမ်းပျော်တယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက အသင်းလိုက်အလုပ်လုပ်မှုပါ။ ပြီးတော့ ကျွန်တော်တို့ ယုံကြည်မှု ရရှိစေတာပါ။ ပုဂ္ဂိုလ်ရေးစံချိန်က ရခဲ့တာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရည်မှန်းချက်က အသင်းကို ရည်မှန်းချက်တွေ ဖြစ်လာဖို့ ကူညီနိုင်ရေးပါ။ ဒီအပတ်အတွင်း ကျွန်တော်တို့ အခက်အခဲတွေ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ အသင်းဟာ ကောင်းကောင်းအလုပ်လုပ်ခဲ့တယ်။ အများကြီး တိုးတက်လာတယ်။ ခက်ခဲတဲ့ ရက်သတ္တပတ်ပါ။ ဘောလုံးတစ်လုံးမျှ မကန်ရဘဲ မှောင်မိုက်တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အရင်တုန်းကလိုပဲ ကိုယ့်အလုပ်အပေါ် ယုံကြည်မှုနဲ့ ဒါကို ရင်ဆိုင်နိုင်ခဲ့တယ်။ အရမ်းခက်ခဲခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လာပါပြီ"လို့ ပြောကြားသွားပါတယ်။
ပေါ်တူဂီဟာ တနင်္ဂနွေနေ့မှာ အုပ်စုဗိုလ်အဆုံးအဖြတ်ပွဲအဖြစ် ကိုလံဘီယာနှင့် ရင်ဆိုင်ကစားရပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဥဇဘက်ကစ္စတန်နှင့်ပွဲတွင် ၂ ဂိုးသွင်းနိုင်ပြီးနောက် ကမ္ဘာ့ဖလား ၆ ကြိမ် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာသလို ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ ဂိုးအထိ ရှိလာပါတယ်။
ဒါ့အပြင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားရဲ့ ဒုတိယအသက်အကြီးဆုံးဂိုးသွင်းရှင်အဖြစ်လည်း သမိုင်မှတ်တိုင်စိုက်ထူလာပါသေးတယ်။ ကမ္ဘာ့ဖလားတွင် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် ကင်မရွန်းရဲ့ရိုဂျာမေလာက ၁၉၉၄ ကမ္ဘာ့ဖလားတုန်းက အသက် ၄၂ နှစ်ဖြင့် မှတ်တိုင်စိုက်ထူထားပါတယ်။

image