မိုးသည်းထန်လေပြင်းတိုက်ခတ်မှုကြောင့် ၁၁ ကေဗွီ ဖီဒါ(၂) ဓာတ်အားလိုင်းရှိ ကျောက်တိုင်(၆)တိုင် လဲကျ

ဇွန် ၂၃ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (၃၃/၁၁) ကေဗွီ ရွှေလင်ပန်းဓာတ်အားခွဲရုံ(၁)မှ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ၁၁ ကေဗွီ ဖီဒါ(၂) ဓာတ်အားလိုင်းရှိ ကျောက်ဓာတ်တိုင် (၆) တိုင် လဲကျခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လဲကျခဲ့သည့် ကျောက်ဓာတ်တိုင်များမှာ အမြင့် ၁၀ မီတာစီရှိကာ ဗန်းမော်အတွင်းဝန်လမ်းပေါ်ရှိ မြေကွက်အမှတ် (၄၂-ခ၊ ၄၂-က၊ ၂ နှင့် ၁) ရှေ့၌ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာ လျှပ်စစ်ရုံးမှ ကျွမ်းကျင်ဝန်ထမ်းများက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုပြင်ဆောင်ရွက်နေစဉ်အတွင်း ဗန်းမော်အတွင်းဝန်လမ်းနှင့် ပန်းတဉ်းဝန်ဦးရွှေဘင်လမ်းတစ်ဝိုက်ရှိ ဓာတ်အားအသုံးပြုနေသော ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ (၂၇) လုံးတွင် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း YESC က အသိပေးထားသည်။

image