2 ပတ် - ဘာသာပြန်ပါ။

ပြည်ထောင်စုဝန်ကြီး(၂)ဦးနှင့် BIMSTEC အတွင်းရေးမှူးချုပ် သီးခြားစီတွေ့ဆုံ

ဒေသတွင်း စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တို့သည် ဇွန် ၂၃ ရက်က ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် တွေ့ဆုံစဉ် BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေး၊ ပူးပေါင်းလေ့ကျင့်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တွေ့ဆုံရာတွင် BIMSTEC ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်၌ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၌ ဦးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်နိုင်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် BIMSTEC စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် ရေးဆွဲထားပြီးဖြစ်သည့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ငန်းတိုးတက်မှုများကို စနစ်တကျ စောင့်ကြည့်အကဲဖြတ်နိုင်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်နှင့် နည်းပညာဖလှယ်မှုများ ပိုမိုအားကောင်းလာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဖလှယ်ရေးနှင့် လွှဲပြောင်းရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image