မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် လုံခြုံစိတ်ချစွာ ခရီးသွားနိုင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တိုက်တွန်း

မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်သည့် အခြေအနေများကို ပြည်ပမှ ပိုမိုသိရှိနားလည်စေရန် မိမိတို့၏ ပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အခါအားလျော်စွာ ဖြန့်ဝေမျှဝေပေးကြရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွင်းဆင်းဆောင်ရွက်စဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစဉ် ကျောက်ဆည်စက်မှုနယ်မြေရှိ Double Rhinos ဘိလပ်မြေစက်ရုံ၊ Mandalay Smile ကုမ္ပဏီနှင့် Alpha ဘိလပ်မြေစက်ရုံများသို့ သွားရောက်ခဲ့ပြီး လုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် တရုတ်နိုင်ငံသား ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် စက်ရုံများတွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်နေကြသည့် တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၏ အမှန်တကယ် အခြေအနေများ၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်မှုများကို မိမိတို့၏ မိတ်ဆွေ၊ အသိုင်းအဝိုင်းများအကြားနှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသား ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ စိတ်အေးချမ်းသာစွာနှင့် အဆင်ပြေစွာ လာရောက်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

image