ဩစတြေးလျတွင် ကြက်ငှက်တုပ်ကွေး ပိုးရှိသည့် တောရိုင်းငှက်တစ်ကောင်ကို ထပ်မံတွေ့ရှိ

ဩစတြေးလျနိုင်ငံ အနောက်ပိုင်းတွင် တွေ့ရှိရသည့် ဒုတိယမြောက် အသိုက်ပြောင်းငှက်တစ်ကောင်၌ အလွန်အန္တရာယ်များသော H5N1 ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိရကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
ဩစတြေးလျ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သစ်တောရေးရာဝန်ကြီး ဂျူလီ ကောလင်းစ် က တနင်္လာနေ့တွင် ကင်ဘာရာမြို့၌ သတင်းထောက်များ ကိုပြောကြားရာတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က အနောက်ဩစတြေးလျတောင်ပိုင်းရှိ ကမ်းခြေတစ်ခုတွင် နာမကျန်းဖြစ်နေစဉ် တွေ့ရှိခဲ့သည့် မြောက်ပိုင်း ပင်လယ်စင်ရော်ငှက် တစ်ကောင်ကို စစ်ဆေးခဲ့ရာ အဆိုပါ ပြင်းထန်ရောဂါပိုး ရှိနေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါ ဒေသတွင်း၌ပင် ဇွန်လ ၁၄ ရက်က နာမကျန်းဖြစ်လျက် တွေ့ရှိခဲ့သည့် ပင်လယ်စင်ရော်ညို တစ်ကောင်သည် H5N1 ရောဂါပိုးဖြင့် သေဆုံးသွားခဲ့ကြောင်း ဝန်ကြီး ကောလင်းက ပြီးခဲ့သည့် စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက်၊ ယခုအခါ ဒုတိယမြောက် ရောဂါပိုးရှိသောငှက်ကို ထပ်မံတွေ့ရှိရခြင်းဖြစ်ကာ ယင်းသည် ဩစတြေးလျအဓိကကုန်းမြေ ပေါ်တွင် ပထမဆုံး အတည်ပြုနိုင်ခဲ့သည့် ကူးစက်မှုဖြစ်စဉ်များ ဖြစ်လာသည်။
သို့သော် လက်ရှိအချိန်အထိ တောရိုင်းတိရစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံးမှုမျိုး မရှိသေးသကဲ့သို့ ဩစတြေးလျ၏ ကြက်ဘဲမွေးမြူရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍများအတွင်းသို့လည်း ယခုရောဂါပိုး ကူးစက်ပြန့်ပွားသွားခြင်း မရှိသေးကြောင်း ဝန်ကြီး ကောလင်းက တနင်္လာနေ့တွင် ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းက “အခု သီးခြားတွေ့ရှိရတဲ့ ငှက်နှစ်ကောင်အပြင် အဲဒီ H5 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ဩစတြေးလျရဲ့ တောရိုင်းတိရစ္ဆာန်တွေအကြားမှာ အမြစ်တွယ် အခြေချနေထိုင်သွားခြင်း ရှိမရှိကို သိနိုင်ဖို့ ဆက်လက် စစ်ဆေးဖော်ထုတ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ဩစတြေးလျ၏ အကြီးဆုံး ကြက်ဘဲမွေးမြူရေး ထုတ်လုပ်သူများအနက်တစ်ခုဖြစ်သည့် Ingham's ကုမ္ပဏီက ကြက်ငှက်တုပ်ကွေးကြောင့် ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် အနောက်ဩစတြေးလျ ရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုအားလုံးကို အပြီးအပိုင် ပိတ်ဆို့ကန့်သတ်ခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့နံနက်ပိုင်းတွင် ကြေညာခဲ့သည်။
ဩစတြေးလျ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မာရေး ဝပ် ကလည်း ယခုတုပ်ကွေးရောဂါပိုး ပြည်တွင်း၌ ကူးစက်ဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်း အကောင်းဆုံး ပြင်ဆင်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

image