ဘိုင်ယန်ရဲ့အိုလီဆီအား ဆက်သွယ်ခြင်း မရှိကြောင်း ရီးရဲလ်မက်ဒရစ်ငြင်းဆိုလာ
===================
ရီးရဲလ်မက်ဒရစ်က ဘိုင်ယန်မြူးနစ်နှင့် ပြင်သစ်တောင်ပံကစားသမားမိုက်ကယ်အိုလီဆီအား ခေါ်ယူရေး တစုံတရာ ဆက်သွယ်ခြင်း မရှိကြောင်း ငြင်းဆိုလာပါတယ်။
စပိန်ကလပ်က အသက် ၂၄ နှစ်ရှိ တောင်ပံကစားသမားအား ခေါ်ယူရေးအတွက် ကစားသမားကိုသော်လည်းကောင်း၊ ကစားသမားရဲ့ အေးဂျင့်ကိုလည်းကောင်း တစုံတရာ ဆက်သွယ်ခြင်း မရှိကြောင်း ဆိုသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အိုလီဆီအား ယူရိုသန်း ၂၀၀ ကျော်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘိုင်ယန်မြူးနစ်နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေမှုနှင့်အတူ အိုလီဆီအား ခေါ်ယူရေး ကလပ်နောက်ကွယ်တွင် တစုံတရာ ဆက်သွယ်ခြင်း မရှိကြောင်း၊ ကစားသမားတစ်ဦးအား ခေါ်ယူရေး စိတ်ဝင်စားပါက ကလပ်နှင့်ပင် တိုက်ရိုက်ဆက်သွယ်လာမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။
အိုလီဆီဟာ ၂၀၂၅-၂၆ ရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၂၂ ဂိုးသွင်းကာ ၃၁ ကြိမ် ဖန်တီးမှု ပြုလုပ်ခဲ့သူ ဖြစ်ပြီး ဆီနီဂေါအား ၃-၁ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်လည်း ဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဂျိုဆေးမော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် အီဘရာဟမ်ကိုနာတေး၊ မာ့ခ်ကူကူရယ်လာတို့အား ခေါ်ယူထားပြီး ဖြစ်ပါတယ်။
၎င်းတို့ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုရဲ့ ဂျူလီယန်အယ်ဗာရက်ဇ်ကို ယူရိုသန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲပေမဲ့ ပယ်ချခြင်းခံခဲ့ရပါတယ်။