အာတီတာမှ နောက်မှ ထိုင်ခုံအတွက် အထူးစပါယ်ရှယ်လက်မှတ် ဖန်တီး ရောင်းချလာမဲ့ အာဆင်နယ်၊ တစ်ပွဲအတွက် ပေါင် ၆၄၉၉ အထိ ကုန်ကျလာမည်
====================

အာဆင်နယ်ဟာ လာမဲ့ရာသီ အမ်းမရိတ်ပွဲစဉ်များတွင် မီခေးလ်အာတီတာအား အနီးကပ် မြင်တွေ့နိုင်မဲ့ အထူးစပါယ်ရှယ် Package ထိုင်ခုံဧရိယာသစ် ဖန်တီး ရောင်းချလာပြီး တချို့လက်မှတ်များမှာ ပေါင် ၆၄၉၉ အထိ ကုန်ကျလာပါမယ်။
‘The Touchline’ လို့ အမည်ပေးထားတဲ့ Package သစ်ကို ပေါင် ၂၄၉၉ ဖြင့် စတင် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ပွဲအပေါ် မူတည်ပြီး ဈေးနှုန်း ပြောင်းလဲ ကျခံရပါမယ်။
လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးနှင့် ကစားမဲ့ ရာသီသစ် ဒုတိယမြောက်ပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းကို ပေါင် ၆၄၉၉ အထိ သတ်မှတ်ထားပါတယ်။
ယင်းလက်မှတ်သစ်များမှာ အာတီတာရဲ့ နည်းပြခုံနောက်ဘက်တွင် တည်ရှိတာ ဖြစ်ပြီး ကစားသမားများ ကွင်းအတွင်း ဝင်ရောက်လာမှုကိုပါ အနီးကပ် မြင်တွေ့နိုင်ပါမယ်။
ယင်းလက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်များဟာ ကွင်းအတွင်း ရောက်လာချိန်တွင် ရှန်ပိန်တစ်ခွက်ဖြင့် ကြိုဆိုခြင်းခံရမှာ ဖြစ်သလို ကွင်းအတွင်း စားသောက်စရာများနှင့်လည်း တည်ခင်းဧည့်ခံခြင်းခံရပါမယ်။
ယင်းအစီအစဉ်တွင် အာဆင်နယ်ဂန္ထဝင်ကစားသမားတစ်ဦးနှင့် တွေ့ဆုံခွင့် ရမဲ့အပြင် သွေးပူလေ့ကျင့်ခန်းလုပ်မှုကိုလည်း ကြည့်ရှုခွင့်ရပါမယ်။
ဒါ့အပြင် အာဆင်နယ်က ယင်းလက်မှတ်ဝယ်ယူတဲ့ အာဆင်နယ်ပရိသတ်များမှာ ယင်းနေ့အား အမြဲတမ်းအမှတ်ရစေရေးအတွက် “unique Arsenal gift” လည်း ရရှိမယ်လို့ ဆိုထားပါတယ်။
ထုံးစံအတိုင်း ယင်းအထူးဖန်တီးထားတဲ့ Package လက်မှတ်ကို အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချလာပါမယ်။
လတ်တလောအချိန်တွင် အာဆင်နယ်ဟာ လာမဲ့ ရာသီသစ် ပရီးမီးယားလိဂ်အိမ်ကွင်းအဖွင့်ပွဲ ၅ ပွဲအတွက် အထူးလက်မှတ် စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။
အဲဗာတန်နှင့်ကစားမဲ့ ပွဲအတွက် ယင်းအထူးထုတ်လက်မှတ်က အကုန် ရောင်းချထားရပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ စက်တင်ဘာလ ၅ ရက်နေ့ ချဲလ်ဆီးနှင့်ပွဲအပါအဝင် ပွဲ ၄ ပွဲအတွက် အထူးလက်မှတ်က ရောင်းရန် ရှိနေပါသေးတယ်။

image