ဘရိုက်တန်မှ ဒတ်ချ်နောက်ခံလူဗန်ဟက်ကီအား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရေးအား စပါးစ်အပြီးသတ် လုပ်ဆောင်လာ
======================

စပါးစ်ဟာ ဘရိုက်တန်မှ နယ်သာလန်လက်ရွေးစင်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီအား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရေးအား အပြီးသတ် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ဗန်ဟက်ကီဟာ ဘရိုက်တန်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိမှုနှင့်အတူ ကလပ်ဘက်က ထုတ်ရောင်းလာရတာလည်း ဖြစ်ပါတယ်။
ဘရိုက်တန်ဟာ ဗန်ဟက်ကီရဲ့ အရောင်းစာချုပ်အတွင်းတွင် စပါးစ်ဘက်က ထပ်ဆင့် ရောင်းချပါက အကျိုးအမြတ်အား ရာခိုင်နှုန်းအချို့ ခံစားခွင့် ရရှိလာဦးမယ့် အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဗန်ဟက်ကီက "စပါးစ်ကစားသမားတစ်ဦး ဖြစ်လာခွင့်ရလို့ အရမ်းဂုဏ်ယူတယ်။ ကလပ်ကြီးတစ်ခုသို့ ပြောင်းခွင့်ရတာ အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါပဲ"လို့ ပြောကြားသွားပါတယ်။
ဗန်ဟက်ကီဟာ ဘရိုက်တန်တွင် လက်တွဲခဲ့ဖူးတဲ့ ရောဘတ်တိုဒီဇာဘီနှင့် စပါးစ်တွင် ပြန်လည် လက်တွဲအလုပ်လုပ်ရပါမယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းတွင် ပါဝင်ကစားနေတဲ့ ဗန်ဟက်ကီဟာ စပါးစ်အသင်းတွင် နယ်သာလန်ကစားဖော်များဖြစ်ကြတဲ့ မစ်ကီဗန်ဒီဗန်၊ ဇာဗီးဆိုင်မွန်တို့နှင့် တွဲကစားရပါမယ်။
ဗန်ဟက်ကီဟာ ဘရိုက်တန်အတွက် ၁၃၁ ပွဲကစားပေးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဥရောပဝင်ခွင့် ရရှိခဲ့တဲ့ ကလပ်အတွက် ပရီးမီးယားလိဂ်ပွဲ ၃၆ ပွဲ ပွဲထွက်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

image