ကွန်ဂိုနှင့်သရေကျပြီးနောက် ကစားဖော်များက ပရိသတ်များအား နှုတ်ဆက်နေချိန်တွင် ကွင်းအတွင်းမှ တစ်ဦးတည်း ထွက်ခွာသွားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
======================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ဒီမိုကရက်တစ်ကွန်ဂိုနှင့် သရေကျပြီးနောက် ကွင်းအတွင်းမှ တစ်ဦးတည်း စောစောစီးစီး ထွက်ခွာသွားခဲ့ပါတယ်။
ပေါ်တူဂီဟာ ဂျာအိုနီဗက်စ်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ယိုအာနီဝစ်ဆာရဲ့ ခေါင်းတိုက်ဂိုးကြောင့် တစ်ဂိုးစီသရေဖြင့် ကျေနပ်ခဲ့ရပါတယ်။
အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းပွဲတွင် ပွဲထွက်ကစားခဲ့ပြီး ပွဲချိန်ပြည့် ကစားသွားခဲ့ပေမဲ့ ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
သူဟာ ကန်ချက် ၃ ကြိမ် ပြုလုပ်ခဲ့ပေမဲ့လည်း ဂိုးပေါက်တည့်ခဲ့ခြင်း မရှိပါဘူး။ သူဟာ ဂိုးရရှိခဲ့ခြင်းမရှိမှုနှင့်အတူ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲကြီး ၁၀ ပွဲဆက် ဂိုးပေါက်ပျောက်လာပါတယ်။
ပွဲအပြီးတွင် ပေါ်တူဂီအသင်းသားတို့ဟာ ကွင်းအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်များကို လက်ခုပ်တီး နှုတ်ဆက်မှု ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကွင်းအတွင်းတွင် ခေတ္တမျှသာ နေခဲ့ပြီးနောက် တစ်ဦးတည်း ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားခဲ့ပါတယ်။
ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ်ကတော့ စောစောစီးစီး ကွင်းအတွင်းမှ ထွက်ခွာသွားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား ကာကွယ်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
မာတီနက်ဇ်က "အင်တာဗျူး လုပ်စရာတွေ အများကြီးပါ။ ကစားသမားတွေက ကွင်းထဲမှာပဲ ဆက်နေရမလား၊ အဝတ်အစားလဲခန်းသို့ပဲ ဆင်းရမလားဆိုတာ မသေချာကြပါဘူး"လို့ ပြောကြားသွားပါတယ်။
ခရစ္ဏတီယာနိုရော်နယ်ဒိုဟာ ကွန်ဂိုနှင့်ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့လည်း အသက် ၄၁ နှစ်နှင့် ၁၃၂ ရက်ဖြင့် ကမ္ဘာ့ဖလားပွဲ ပွဲထွက်ကစားခွင့်ရတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
သူဟာ ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားကစားလာမှုနှင့်အတူ အင်္ကျီတွင် အထူးအမှတ်တံဆိပ်ဖြင့် ကစားခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် ရောဘတ်တိုမာတီနက်ဇ်ဟာ ကွန်ဂိုနှင့်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုအား လူစားလဲလှယ်ခြင်း မပြုလုပ်မှုအပေါ် ကာကွယ်ပြောဆိုခဲ့ပါသေးတယ်။