ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာတဲ့ ကိုင်လီယန်ဘက်ပေး
====================

ကိုင်လီယန်ဘက်ပေးဟာ မနေ့ညတုန်းက ပြင်သစ်က ဆီနီဂေါအား ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ၂ ဂိုးသွင်းယူပြီးနောက် ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ဘက်ပေးဟာ ဒုတိယပိုင်း ၆၆ မိနစ်တွင် အနိမ့်ကန်ချက်ဖြင့် ဦးဆောင်ဂိုး သွင်းယူကာ အိုလီဗာဂျရူးရဲ့ ၅၇ ဂိုးဖြင့် ပြင်သစ်အတွက် ဂိုးအများဆုံးသွင်းယူသူ စံချိန်ကို လိုက်မီခဲ့ပါတယ်။
ယင်းနောက် ရီးရဲလ်မက်ဒရစ်စူပါစတားဟာ အချိန်ပို ၉၆ မိနစ်တွင် အဝေးကန်ချက်ဖြင့် ပြင်သစ်အတွက် တတိယဂိုးကို ထပ်မံ သွင်းယူကာ ၅၈ ဂိုးဖြင့် ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်လာခဲ့ပါတယ်။
ပြင်သစ်ဟာ ဘရက်ဒလေဘာကိုလာရဲ့ ဂိုးဖြင့် ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမဲ့ အချိန်ပို ၉၅ မိနစ်တွင် အီဘရာဟမ်အမ်ဘာယီက ဆီနီဂေါအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက် ဘက်ပေးက ယခုပွဲမှာ ဒုတိယမြောက်ဂိုးအား သွင်းယူကာ ဆီနီဂေါရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်က "လူတွေက သူ့ကို ဝေဖန်နေကြတုန်းပါ သူက တစ်ပွဲ သို့မဟုတ် နှစ်ပွဲ လွဲချင်လွဲမယ်။ ဒါပေမဲ့ သူက လုပ်ဆောင်မှုတစ်ခုတည်းနဲ့ ချိန်ခွင့်လျှာကို မြှင့်တင်ပြီး အသင်းကို နိုင်ပွဲရအောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်။ လူတွေက သူ ခံစစ်ကောင်းကောင်း မကစားဘူးလို့ ပြောကြတယ်။ ကောင်းပြီ။ သူ ခံစစ်ကစားဖို့ ဒီကို ရောက်နေတာ မဟုတ်ပါဘူး။ သူ့အသက် ၂၇ နှစ်ပဲ ရှိသေးတယ်။ ပထမရောက်တဲ့နေ့ကနေ ဂိုးတွေ သွင်းလာခဲ့တယ်။ ဒီကနေ့လည်း နှစ်ဂိုးသွင်းတယ်။ အသင်းခေါင်းဆောင်အနေနဲ့ သူ ဒီအုပ်စုအတွက် အများကြီး လုပ်တယ်။ သူ့အတွက် ကျွန်တော် ပျော်တယ်။ သူက တကယ့်ပွဲမှာ ဂိုးသွင်းချင်တယ်။ အထူးသဖြင့် ဒီပွဲမှာပေါ့။ တစ်ကမ္ဘာ့လုံးက ကြည့်နေတဲ့ပွဲမှာ။ သူ့မှာ စစ်မှန်တဲ့ ကိုယ်ရောင်ကိုယ်ဝါ ရှိတယ်"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် ဘက်ပေးဟာ ဆီနီဂေါနှင့်ပွဲတွင် ၂ ဂိုးသွင်းနိုင်မှုနှင့်အတူ ကမ္ဘာ့ဖလားသွင်းဂိုး ၁၄ ဂိုးအထိ ရှိလာပြီ ဖြစ်ပြီး ကလိုဆေးရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို လိုက်မီရန် ၂ ဂိုးတည်းသာလိုပါတော့တယ်။

image