အေစီမီလန်အား ၂ နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာတဲ့ ယူနိုက်တက်နည်းပြဟောင်းအမိုရမ်
=====================
ရူဘင်အမိုရမ်ဟာ အေစီမီလန်နည်းပြရာထူးအတွက် သဘောတူညီမှု ရရှိပြီးနောက် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အမိုရမ်ဟာ အေစီမီလန်အား ၂ နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာခဲ့တာပါ။
A Bola ရဲ့ဖော်ပြလာမှုအရ အမိုရမ်ရဲ့ အေစီမီလန်နှင့် စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။
ရူဘင်အမိုရမ်ဟာ အေစီမီလန်အသင်းတွင် တစ်ရာသီလုပ်ခ ယူရို ၃.၅ သန်း ရရှိလာမှာ ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်၊ ဆုဖလား ရရှိမှုတို့အပေါ် မူတည်ပြီး အပိုဆုကြေးများလည်း ထပ်မံ ရရှိလာပါဦးမယ်။
အမိုရမ်ဟာ အေစီမီလန်အသင်းပိုင်ရှင် RedBird Capital ရဲ့ မီးစိမ်းပြခြင်းခံလာရပါက အေစီမီလန်နည်းပြဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
အေစီမီလန်ဟာ အယ်လီဂရီရဲ့နေရာတွင် အစားထိုးခန့်အပ်ရေး နည်းပြအမြောက်အမြားကို လျာထားခဲ့ပေမဲ့ အမိုရမ်မှာ ကလပ်လက်မဲ့ ဖြစ်နေမှုနှင့်အတူ နစ်နာကြေး ပေးရန် မလိုတာကြောင့် ခန့်အပ်ရေး ဆုံးဖြတ်လာတာပါ။
ရူဘင်အမိုရမ်နှင့် နည်းပြအဖွဲဝင်များဟာ ယခုနှစ် အစောပိုင်းတုန်းက ယူနိုက်တက်ကို ၁၄ လကြာ ကိုင်တွယ်ပြီး ထုတ်ပယ်ခြင်းခံရပြီးနောက် နစ်နာကြေး ပေါင် ၁၆.၇ သန်းအထိ ရရှိခဲ့ကြပါတယ်။
အမိုရမ်ဟာ အေစီမီလန်နည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရပါက လာမဲ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဝရာကလောတွင် ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် အသင်းဟောင်း ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရပါမယ်။