အီရာဝမ်နတ်ကွန်း ဗုံးခွဲခဲ့သူများကို သေဒ-ဏ်ချ
၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အီရာဝမ်နတ်ကွန်း၌ လူပေါင်း ၂၀ ကို သေဆုံးစေခဲ့သည့် တရုတ်ဝီဂါအမျိုးသားနှစ်ဦးကို ကြာသပတေးနေ့တွင် သေဒဏ် ချမှတ်လိုက်ပြီး ထိုင်းနိုင်ငံ၏ လူအသေအပျောက်အများဆုံး ဗုံးခွဲတိုက်ခိုက်မှုအတွက် ကြာမြင့်စွာစောင့်စားခဲ့ရသော တရားစီရင်ချက်တစ်ခုဖြစ်သည်။
၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ရတ်ချာပရာဆောင်လမ်းဆုံရှိ နာမည်ကျော် နတ်ကွန်း၌ ဗုံးထောင်ခဲ့မှုဖြင့် ယူဆူဖူ မီရာရိုင်လီနှင့် ဘီလာ မိုဟာမက်တို့ကို ကြိုတင်ကြံစည်မှု၊ လူသတ်ရန်ကြိုးစားမှုတို့ဖြင့် ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက စီရင်ချက်ချခဲ့သည်။
ထိုအသေအပျောက်များသော ပေါက်ကွဲမှုသည် ကိုးကွယ်သူများနှင့် ခရီးသွားများ စုဝေးနေသည့်နေရာကို ဖျက်ဆီးပစ်ခဲ့ပြီး လူ ၁၂၀ ကျော် ဒဏ်ရာရခဲ့ကာ နတ်ကွန်းတွင် မော်တော်ဆိုင်ကယ် အပိုင်းအစများနှင့် မီးလောင်နေသော အပျက်အစီးများ ပြန့်ကျဲသွားစေခဲ့သည်။
ကျောပိုးအိတ်ထဲထည့်ထားသည်ဟု ယူဆရသော ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲခဲ့မှုကြောင့် သေဆုံးရသူများထဲတွင် တရုတ်ပြည်မကြီးမှ ခရီးသွား ငါးဦးနှင့် ဟောင်ကောင်မှ ခရီးသွားနှစ်ဦးလည်း ပါဝင်ခဲ့သည်။
“တရားခံများသည် ဥပဒေများစွာကို ချိုးဖောက်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့ကြသည်။ ထို့ကြောင့် တရားရုံးသည် ဥပဒေအရ ချမှတ်နိုင်သည့် အပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ကို ချမှတ်လိုက်သည်” ဟု တရားသူကြီးလေးဦးပါ အဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ကြာသပတေးနေ့တွင် ရှည်လျားသော စီရင်ချက်ကို ဖတ်ကြားစဉ် ပြောကြားခဲ့သည်။
တရားရင်ဆိုင်စဉ်ကာလအတွင်း တရားခံ များအပေါ် ဆက်ဆံခဲ့မှုအပါအဝင် တရားရုံးက အပြည့်အ၀ မစဉ်းစားရသေးသော အမှု၏ ရှုထောင့်များစွာ ရှိနေသောကြောင့် စီရင်ချက်ကို အယူခံဝင်သွားမည်ဟု တရားခံများ၏ ရှေ့နေ ချူးချတ် ကန်ပိုင်က သတင်းထောက်များကို ပြောကြားခဲ့သည်။