ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးခြေစမ်းပွဲတွင် အပိုင်အခွင့်အရေးများ ဖြုန်းတီးပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုကို ပွဲထွက်ခွင့် ပေးသင့်/မပေးသင့် ငြင်းခုံမှုမြင့်မားလာ
=====================
ကမ္ဘာ့ဖလားမတိုင်မီ ပေါ်တူဂီရဲ့ နောက်ဆုံးခြေစမ်းပွဲတွင် အပိုင်အခွင့်အရေးအချို့ကို ဖြုန်းတီးပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုအား ပွဲထွက်ကစားခွင့် ပေးသင့်/မပေးသင့် ငြင်းခုံမှု ပိုမိုမြင့်မားလာပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီဂန္ထဝင်ကစားသမားဟာ လိုင်ရီယာတွင် နိုင်ဂျီးရီးယားနှင့် ခြေစမ်းပွဲတွင် ပေါ်တူဂီအသင်းကို ဦးဆောင်ခဲ့ပါတယ်။
ဝါရင့်တိုက်စစ်သမားဟာ ပွဲအစ ၉ မိနစ်မှာ နယ်ဆင်ဆီမီဒိုရဲ့ ပေးပို့မှုကနေ ဂိုးသွင်းနိုင်မဲ့ အခွင့်အရေး ရရှိခဲ့ပေမဲ့လည်း အသုံးမချနိုင်ခဲ့ပါဘူး။
ရော်နယ်ဒိုဟာ ကြော်ငြာဆိုင်းဘုတ်ကို ထိကာ သူ့လမ်းကြောင်းပေါ်သို့ ပြန်ရောက်လာတဲ့ ဘောလုံးအား ဒေါသတကြီး ကန်ထုတ်ခဲ့တာလည်း တွေ့ရပါတယ်။
သူဟာ ပွဲချိန် ၂၃ မိနစ်တွင်လည်း ပီဒရိုနီတိုက ဦးဆောင်ဂိုး မသွင်းမီ အခွင့်အရေးတစ်ကြိမ်ထပ်မံ ရရှိပေမဲ့ ကန်ချက်လွဲခဲ့ပြန်ပါတယ်။
နိုင်ဂျီးရီးယားဟာ ၃၇ မိနစ်မှာတော့ အေကော်အဒမ်ရဲ့ ဂိုးဖြင့် ချေပဂိုး ရရှိသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒုတိယပိုင်းအစတွင် အနိမ့်ဖြတ်တင်ဘောကနေ သေချာပေါက် ဂိုးရရှိနိုင်တဲ့ အခွင့်အရေး ထပ်မံ ရရှိခဲ့ပေမဲ့ မိုးပေါ်ထောင်ကန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဂိုးရှေ့တွင် ခက်ခဲတဲ့ ညတစ်ည ကြုံခဲ့ရပြီးနောက်မှာတော့ ၆၅ မိနစ်မှာ ဂွန်ကာလိုရာမို့စ်ရဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ပေါ်တူဂီဟာ ပွဲချိန် ၇၅ မိနစ်တွင် ဖရန်ဆစ္စကိုကွန်စီကာအိုရဲ့ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ပွဲအပြီးတွင် ပေါ်တူဂီနည်းပြမာတီနက်ဇ်ဟာ ပထမပိုင်းအပြီးတွင် အခြားကစားသမားများ လူစားလဲလှယ်ခဲ့ပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား ဘာကြောင့် လူစားလဲလှယ်မှု မပြုလုပ်သလဲလို့ မေးမြန်းခြင်းခံလာရပါတယ်။
မာတီနက်ဇ်က "သတင်းအချက်အလက်အပေါ် မူတည်ပြီး ရော်နယ်ဒိုနဲ့ပတ်သက်ပြီး အစီအစဉ် ရှိပြီးသားပါ။ သူ ၄၅ မိနစ် သိုမ့ဟုတ် မိနစ် ၆၀ ကစားမယ်။ အရေးအကြီးဆုံးက တစ်ဦးချင်းစီ လိုက်ပြီး လုပ်ဖို့ပါ။ ဒါပေမဲ့ တဖက်မှာ ပွဲစတုန်းကထက် ပိုကောင်းတဲ့အသင်းနဲ့ ပွဲကို အဆုံးသတ်ဖို့ပါ။ ဒါက အလုပ်ကြိုးစားမှု၊ အာရုံစိုက်မှု၊ ရှင်းလင်းတဲ့ စိတ်ကူးတွေရဲ့ ရိုက်ခတ်မှုပါ။ အခု ကျွန်တော်တို့ ပြင်ဆင်မှု ပိုကောင်းလာနေတယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ နိင်ဂျီးရီးယားနှင့်ပွဲတွင် အပိုင်အခွင့်အရေး ဖြုန်းတီးလာမှုနှင့်အတူ ကမ္ဘာဖ့လားတွင် ပေါ်တူဂီအတွက် ပွဲထွက်ကစားခွင့်ပေးသင့်/မပေးသင့် ငြင်းဆိုမှု မြင့်မားလာပါတယ်။
အစောပိုင်းကတည်းက ဘောလုံးပရိသတ်များက ခရစ္စတီယာနိုရော်နယ်ဒို မပါဝင်တဲ့ ပေါ်တူဂီအသင်းက ပိုကောင်းတယ်လို့ ငြင်းဆိုမှုများ ရှိနေခဲ့တာပါ။
တဖက်တွင် ပေါ်တူဂီနည်းပြမာတီနက်ဇ်ကလည်း သူ့အသင်းခေါင်းဆောင်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအောင်မြင်မှု ရယူရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်သေးကြောင်း ဆိုထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၂၂၈ ပွဲကစားထားရာမှာ ၁၄၃ ဂိုးသွင်းထားပါတယ်။
ဒါ့အပြင် သူဟာ ကမ္ဘာ့ဖလားပွဲ ၂၂ ပွဲကစားထားရာမှာလည်း ၈ ဂိုးအထိ သွင်းထားနိုင်ပါတယ်။
ပေါ်တူဂီဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များအဖြစ် ဒီမိုကရက်တစ်ကွန်ဂို၊ ဥဇဘက်ကစ္စတန်၊ ကိုလံဘီယာတို့နှင့် ရင်ဆိုင်ကစားရပါမယ်။