အင်္ဂလန်-ကော်စတာရီကာပွဲ ရွှေ့ဆိုင်းခဲ့ရမှုအပေါ် သောမတ်စ်တူချယ် အကောင်းမြင်
====================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ကော်စတာရီကာနှင့် ကမ္ဘာ့ဖလားအကြို နောက်ဆုံးခြေစမ်းပွဲ ရွှေ့ဆိုင်းခဲ့ရမှုမှာ ကမ္ဘာ့ဖလားတွင် ကြုံလာရနိုင်မှုကို အနည်းငယ် မြည်းစမ်းခွင့်ရရှိလာခြင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။
အဆိုပါပွဲစဉ်ကို ဖလိုရီဒါ၊ အော်လန်ဒိုတွင် ဗြိတိန်စံတော်ချိန် ၂၁ နာရီတွင် ကစားရန် စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု၊ လျှပ်စီးမိုးကြိုးပစ်ခတ်မှုများကြောင့် တစ်နာရီနောက်ဆုတ်ကာ ၂၂ နာရီတွင်မှ စတင်ခဲ့ရပါတယ်။
လာမဲ့ ကမ္ဘာဖ့လားပြိုင်ပွဲအတွင်းတွင် ရာသီဥတုကြောင့် ပွဲများ ရွှေ့ဆိုင်းရမှု၊ ရပ်ဆိုင်းရမှုများစွာ ကြုံလာပါဦးမယ်။ ပြီးခဲ့တဲ့နှစ် နွေတုန်းက ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ရာသီဥတုဆိုးရွားမှုက အကြီးအကျယ် ရိုက်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ကွင်းအနီး ၈ မိုင်ပတ်လည်အတွင်း မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားပါက ပွဲကို မိနစ် ၃၀ ရပ်ဆိုင်းတဲ့ စနစ်သုံးလာမှာ ဖြစ်ပြီး ဆက်တိုက်ကြုံရပါက ဆက်တိုက်ပွဲကို ရပ်ဆိုင်းလာပါမယ်။
တူချယ်က "အရင်က ဒါကို စိုးရိမ်ခဲ့တယ်။ အခု ဒါကို ကြုံလာရပါပြီ။ ကျွန်တော်တို့ရဲ့ ခံစားချက် သို့မဟုတ် စိတ်ရှည်မှု သို့မဟုတ် ပွဲကစားဖို့ ဆာလောင်မှုကို ဆုံးရှုံးစေတဲ့အရာအဖြစ် မြင်လို့ မရပါဘူး။ ဘာပြဿနာမှ မရှိပါဘူး။ ဟိုတယ်မှာ ရှိကတည်းက ဒါကြုံလာမယ်ဆိုတာ တွေးထားပြီးသားပါ။ ဒီတော့ လွယ်ပါတယ်။ ဘတ်စ်ကားကို တစ်နာရီနောက်ကျပြီး ထွက်တယ်"လို့ ပြောကြားသွားပါတယ်။
အဆိုပါပွဲကို ကြည့်ရန် Inter&Co Stadium သို့ ရောက်နေတဲ့ ပရိသတ်များဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် အကာအကွယ်အောက်သို့ ဝင်ကြရန် သတိပေးခြင်းခံရပါတယ်။
အင်္ဂလန်ဟာ ပွဲကို တစ်နာရီ ရွှေ့ဆိုင်းခဲ့ရပေမဲ့လည်း ကော်စတာရီကာအား ဒီကလန်ရိုက်၊ အန်တိုနီဂေါ်ဒွန်၊ အိုလီဝတ်ကင်တို့ရဲ့ ဂိုးတွေနဲ့ ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ယင်းပွဲမတိုင်မီ ဆော်ဒီနှင့် ပူတာရီကိုတို့ရဲ့ ခြေစမ်းပွဲစဉ်အတွင်းတွင်လည်း မိုးကြိုးပစ်ခတ်မှုကြောင့် ပွဲကို ၂ နာရီခန့် ရပ်ဆိုင်းခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ရာသီဥတုကြောင့် ပွဲအား ၄ နာရီ၊ ၃၈ မိနစ်ကြာ ရပ်ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။