ဆိုးရွားတဲ့ ယာဉ်မတော်တဆမှုကြောင့် ကိုဆိုဗိုလူငယ်ပါရမီရှင် သေဆုံး
===================
တချိန်တွင် ကြယ်ပွင့်ကစားသမားဖြစ်လာမယ်လို့ ယုံကြည်ခြင်းခံထားရတဲ့ ကိုဆိုဗိုလူငယ်ပါရမီရှင်ကစားသမားတစ်ဦးဟာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိဖက်ဂျွန်ဘန်ဂျာကူဟာ ကိုဆိုဗိုလူငယ်အသင်းတွင် ကစားနေသူ ဖြစ်ပြီး တချိန်တွင် လက်ရွေးစင်အသင်းကြီးတွင် ရွေးချယ်ခြင်းခံရမယ့်သူအဖြစ် သတ်မှတ်ခံထားရသူပါ။

တနင်္ဂနွေနေ့နံနက်ပိုင်းတုန်းက သူ မောင်းနှင်လာတဲ့ကားဟာ အခြားယာဉ်တစ်စီးနှင့် တိုက်မိခဲ့တာပါ။

ယင်းယာဉ်မတော်တဆမှုကြောင့် လူ ၃ ဦးအား အနီးရှိ မက်စ်ဟာနာရွာသို့ အရေးပေါ် ပို့ဆောင်ကုသမှု ပြုလုပ်ခဲ့ပါတယ်။

ဆရာဝန်များဟာ အသက် ၂၂ နှစ်အရွယ်ရှိ ပါရမီရှင်ကစားသမားအား အသက်ကယ်တင်ရေး အစွန်ကုန်ကြိုးပမ်းခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။

လက်ရှိအချိန်တွင် အထက်ပါယာဉ်မတော်တဆမှုအား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

ယာဉ်မတော်တဆမှုမှာ Mitrovica-Pristina လမ်းတွင် ဖြစ်ပျက်ခဲ့တာပါ။

ယာဉ်မတော်တဆမှုကို ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဒေသတွင်းယာဉ်ထိန်းတပ်ဖွဲ့တို့ကလည်း ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်ပေးနေပါတယ်။

အထက်ပါသတင်းမှာ ကိုဆိုဗိုဘောလုံးလောကအတွက် ကြီးမားတဲ့ တုန်လှုပ်စရာ ဖြစ်နေပြီး ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာချက်များ ပြုလုပ်နေကြပါတယ်။

ဘန်ဂျာကူဟာ ကိုဆိုဗိုယူ-၁၉ နှင့် ယူ-၂၁ အသင်းတို့တွင် ကစားခွင့်ရခဲ့သူ ဖြစ်ပြီး ဒေသတွင်းကလပ်များဖြစ်ကြတဲ့ ထရက်ကာ၊ လီရီယာ၊ ဂီလန်၊ မာလီရှီဗာ၊ ဖိုးနက်စ်တို့တွင် ကစားခဲ့သလို အယ်ဘေးနီးယားကလပ် အယ်ဘာဆန်မှာ ကစားနေပါတယ်။ သူဟာ ခရိုအေးရှားတွင်လည်း ကစားခဲ့သူ ဖြစ်ပါတယ်။

image