ကမ္ဘာ့ဖလားလေ့ကျင့်ရေးစခန်းအနီး မြွေအလွန်ပေါများမှုကြောင့် အထူးသတိထားနေရတဲ့ ဆွစ်ဇာလန်စတားများ
===================
ဆွစ်ဇာလန်ရဲ့ ကမ္ဘာ့ဖလားစတားများဟာ ၎င်းတို့ရဲ့လေ့ကျင့်ရေးစခန်းနားတွင် မြွေအလွန်ပေါများမှုကြောင့် အထူးသတိပေးခြင်းခံထားရပါတယ်။

ဆွစ်ဇာလန်အသင်းဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဇွန်လ ၁၃ ရက်နေ့ ကာတာနှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအတွက် ဆန်ဒီယေဂိုမှာ ပြင်ဆင်နေပါတယ်။

ဆွစ်ဇာလန်အသင်းဟာ အမေရိကန်ရဲ့ ပူပြင်းတဲ့ ရာသီဥတုကို ရင်ဆိုင်နေရပြီး ဖြစ်သလို ယခုအခါ အခြားပြဿနာတစ်ခုနှင့်လည်း ရင်ဆိုင်လာရပါတယ်။

ဆွစ်ဇာလန်အသင်းရဲ့ ဆိုရှယ်မီဒီယာအကောင့်တွင် ဖော်ပြလာတဲ့ ဓာတ်ပုံတစ်ပုံအရ အသင်းရဲ့ လေ့ကျင့်ရေးကွင်းအနီး ဧရိယာမှာ မြွေဧရိယာအဖြစ် အနီရောင်ဖြင့် ပြသကာ သတိပေးထားတာ တွေ့ရပါတယ်။

ဆန်ဒီယေဂိုသဘာဝသမိုင်းပြတိုက်တွင် ဖော်ပြထားမှုအရ ယင်းဧရိယာတွင် အလွန်အဆိပ်ပြင်းတဲ့ မြွေဟောက်မျိုးစိတ် ၄ မျိုးရှိကြောင်း သိရပါတယ်။

ယင်းမြို့တွင် အများဆုံးတွေ့ရတဲ့ မြွေအမျိုးအစားမှာ Crotalus လို့ ခေါ်ဝေါ်တဲ့ မြွေဟောက်အမျိုးအစားဖြစ်ပါတယ်။

ဆွစ်ဇာလန်က မြွေအန္တရာယ်ကြုံနေရတဲ့ တစ်သင်းတည်းသော အသင်းမဟုတ်ပါဘူး။

နော်ဝေအသင်းဟာလည်း ကာရိုလိုင်းနားမြောက်ပိုင်း၊ ဂရင်းဘိုရိုရှိ Grandover Resort & Spa အခြေစိုက်စခန်းတွင် မြွေအန္တရာယ်များနှင့် ကြုံနေရပါတယ်။

အာလင်းဟာလန်းနှင့် နော်ဝေအသင်းသားတို့အား မြွေများအား ဒေါသမဆွကြရန် အထူးသတိပေးခြင်းခံထားရပါတယ်။ နော်ဝေအသင်း အခြေစိုက်ရာ ဂရင်းဘိုရိုတွင် Copperhead မြွေများကို အတွေ့များပါတယ်။

နော်ဝေအသင်းဟာ ဇွန်လ ၁၈ ရက်နေ့တွင် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဘော့စနီးယားနှင့် ရင်ဆိုင်ကစားရပါမယ်။

image