လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လာမိန်းယာမဲလ်ဆွတ်ခူး
======================
လာမိန်းယာမဲလ်ဟာ ဘာစီလိုနာကို ၂၀၂၅-၂၆ လာလီဂါချန်ပီယံဖြစ်အောင် အဓိကနေရာမှ ကူညီပေးခဲ့ပြီးနောက် လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးလာပါတယ်။
ဆယ်ကျော်သက်ကစားသမားဟာ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာကို ချန်ပီယံဖြစ်အောင် အထင်ကြီးစရာကောင်းတဲ့ ဂိုးအရေအတွက်နှင့် ဖန်တီးမှုများ ပြုလုပ်ကာ ကူညီခဲ့သူပါ။
ဒါ့အပြင် ဘာစီလိုနာဂိုးသမားဂျိုဟန်ဂါစီယာမှာလည်း ဒါဘီပွဲစဉ်မှ လက်စွမ်းပြကာကွယ်မှုများအတွက် Save of the Season ဆုကို ဆွတ်ခူးလာပါတယ်။ သူဟာ ကလပ်ဟောင်းအက်စ်ပန်ညိုနှင့်ပွဲတွင် ပီရီမယ်လာရဲ့ အနီးကပ်ခေါင်းတိုက်ချက်အား လက်တစ်ဖက်တည်းဖြင့် ကာကွယ်ပြီးနောက် ယခုရာသီ အကောင်းဆုံးကာကွယ်မှုဆုကို ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။
နွေရာသီတုန်းက အက်စ်ပန်ညိုမှ ပြောင်းလာခဲ့တဲ့ စပိန်ဂိုးသမားဟာ ၂၀၂၅-၂၆ ရာသီအတွင်းတွင် တစ်ရာသီလုံး ပေးဂိုး ၁၂ ဂိုးတည်းသာ ရှိခဲ့ပြီးနောက် တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု Zamora Trophy ကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။
အသက် ၁၈ နှစ်ရှိ လာမိန်းယာမဲလ်ဟာ ၂၀၂၅-၂၆ ရာသီအတွင်းတွင် ၁၆ ဂိုးသွင်းကာ ၁၁ ကြိမ်ဖန်တီးခဲ့တာ ဖြစ်ပြီး Zarra Trophy ဆုကိုလည်း ဘာစီလိုနာကစားဖော်ဖာရန်တောရက်စ်နှင့် ပူးတွဲ ဆွတ်ခူးခဲ့ပါတယ်။
ဘာစီလိုနာဟာ ယခုနှစ် လာလီဂါတကိုယ်တော်ဆုများကို လွှမ်းမိုး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြဟန်ဆီဖလစ်ကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို နှစ်ကြိမ်ဆက် ဆွတ်ခူးထားပါတယ်။