လာမယ့်အပတ်တွင် ဘရာဇီးနှင့် လေ့ကျင့်ခန်းဆင်းလာနိုင်ဖို့ ရှိနေတဲ့ နေမာ
==================
ဘရာဇီးနည်းပြကာလိုအန်ဆယ်လော့တီဟာ နေမာမှာ ခြေသလုံး ဒဏ်ရာရရှိနေပေမဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားလာနိုင်မယ်လို့ အကောင်းမြင်နေဆဲ ဖြစ်ပါတယ်။
ယခုအခါ အီတလီဂန္ထဝင်နည်းပြက အသက် ၃၄ နှစ်ရှိ ဆန်းတို့စ်အသင်းခေါင်းဆောင်ရဲ့ အခြေအနေမှာ တိုးတက်မှုများ ရှိနေပြီး လာမဲ့ တနင်္လာနေ့တွင် ဆေးစစ်ဆေးမှုခံယူပြီးပါက လာမဲ့အပတ်တွင် လေ့ကျင့်ခန်းဆင်းလာနိုင်တော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဘရာဇီးအသင်းဟာ လာမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်တဲ့အနေဖြင့် အီဂျစ်နှင့် ခြေစမ်းပွဲ ကစားပါမယ်။
ဒီပွဲမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် ပွဲပန်းဒဏ်ခံနေရတဲ့ အာဆင်နယ်ဗဟိုနောက်ခံလူဂါဘရီရယ်ပါဝင်လာဦးမှာ မဟုတ်ဘဲ ဂိုးသမားဝီဗာတွန်မှာ ဒုတိယပိုင်းတွင်ပါဝင်ကစားလာပါဦးမယ်။
အန်ဆယ်လော့တီက "အခြေအနေက (နေမာရဲံ) ရှင်းရှင်းလေးပါ။ တကိုယ်တော်လေ့ကျင့်ခန်းပိုင်း အရမ်းကောင်းနေတယ်။ ဒီအပတ်ပြီးရင် MRI စစ်မယ်။ အားလုံး အဆင်ပြေနေပြီဆိုရင် လာမဲ့အပတ်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းမယ်"လို့ ပြောကြားသွားပါတယ်။
အန်ဆယ်လော့တီဟာ အီဂျစ်နှင့်ကစားမဲ့ပွဲစဉ်တွင် အစဉ်အလာအသုံးပြုလာခဲ့တဲ့ ၄-၂-၄ ကစားကွက်ကို အသုံးပြုလာမှာ မဟုတ်ဘဲ ကွဲပြားတဲ့ နည်းဗျူဟာကို စမ်းသပ်အသုံးပြုလာမှာ ဖြစ်ကာ တိုက်စစ်တွင် လူကပ်စ်ပါကွီတာနှင့် အိုင်ဂေါ်တီယာဂိုတို့ကို အသုံးပြုလာပါမယ်။
အေစီမီလန်နှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက "နည်းဗျူဟာပိုင်း စမ်းသပ်နိုင်မဲ့ နောက်ဆုံးပွဲပါ။ ဒီပွဲပြီးရင် စမ်းရင် အခက်ခဲသွားလိမ့်မယ်။ ပါကွီတာက အခြားအလယ်တန်းကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် စရိုက်လက္ခဏာအရမ်းကွဲပြားတာကြောင့် ကျွန်တော်တို့အတွက် အရေးပါသူ ဖြစ်လာပါမယ်။ ပါကွီတာကို စမ်းသပ်လိုတယ်။ အိုင်ဂေါ်တီယာဂိုကိုလည်း အခြားရွေးချယ်စရာအတွက် ဒီအတိုင်းပဲ စမ်းသပ်လာမယ်။ ရှေ့တန်းလေးယောက်စနစ်က အခြေတည်နေပါပြီ။ ဒါပေမဲ့ နောက်ဆုံးစမ်းသပ်မှုအနေနဲ့ အခြားစနစ်တွေကိုလည်း စမ်းသပ်ချင်သေးတယ်"လို့ ပြောကြားသွားပါတယ်။
ဘရာဇီးဟာ ကမ္ဘာ့ဖလားအကြို ပထမခြေစမ်းပွဲအဖြစ် ပနားမားနှင့် ကစားခဲ့ရာ ၆-၂ ဖြင့် အနိုင်ရထားပါတယ်။
၎င်းတို့ဟာ လာမဲ့ ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နယူးဂျာစီတွင် မော်ရိုကိုနှင့် ရင်ဆိုင်ကစားရပါမယ်။