ရေနံထုတ်လုပ်ခြင်း၊ ဆိပ်ကမ်း၀န်ဆောင်မှု အပါအ၀င် အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်နှင့် ကျပ် ၂၉၉ ဘီလျံကျော်ရှိသည့် ရင်းနှီးမြှုပ်နှံမှုအသစ် ၁၂ ခု MIC ခွင့်ပြု
ရေနံထုတ်လုပ်ခြင်း၊ ဆိပ်ကမ်း၀န်ဆောင်မှု အပါအ၀င် အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်နှင့် ကျပ် ၂၉၉ ဘီလျံကျော်ရှိသည့် ရင်းနှီးမြှုပ်နှံမှုအသစ် ၁၂ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်( MIC)က ခွင့်ပြုပေးလိုက်သည်။
မေ ၂၉ ရက်က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၆) ကြိမ် မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ရှစ်ခုကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်သုံးခုတို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၀၅ သန်းနှင့် ကျပ် ၂၉၉၇၇၃ ဒသမ ၆၃၉ သန်းဖြစ်ပြီး အလုပ် အကိုင်အခွင့်အလမ်းပေါင်း ၄၈၇၉ ဦးအား ဖန်တီးပေးနိုင်မည်ဖြစ်သည်။
အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများမှာ ရေနံထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆင့်မြင့်ဟိုတယ်နှင့် ဈေးဝယ်စင်တာလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း၊ တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဝါစိုက်ပျိုးခြင်း၊ ဆီသန့်ထုတ်လုပ်ခြင်းနှင့် သိုးဆိတ်မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘီစကွတ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပေါင်မုန့်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ မော်တော်ဆိုင်ကယ် ကျွတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆံပင်တုထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အလူမီနီယံထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့လည်း ပါဝင်သည်။