သုခဒဂုံအိမ်ရာတွင် ထပ်တိုးအခန်း ၇၇၆ ခန်း ထပ်မံနေထိုင်နိုင်တော့မည်
ဆေးပေးခန်း၊ ဈေး၊ နေ့ကလေးထိန်းကျောင်းနှင့် ယာဉ်လိုင်းများပါ တည်ဆောက်ထား
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ပြီးစီးပါက ထပ်တိုးအခန်းပေါင်း (၇၇၆)ခန်းကို ပြည်သူများ ထပ်မံနေထိုင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၈ ရက် နံနက်ပိုင်းက သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာများနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့်တွင် (၄)ခန်းတွဲ၊ (၅)ထပ် အဆောက်အဦ (၁၉၄)လုံးနှင့် အခန်းပေါင်း (၃,၁၀၄)ခန်း ဆောက်လုပ်ပြီးဖြစ်ကာ လက်ရှိတွင် ပြည်သူများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း သိရသည်။
ယင်းအဆောက်အဦ (၁၉၄)လုံး၌ မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ထပ်တိုးအခန်းပေါင်း (၇၇၆)ခန်းကို ပြည်သူများအတွက် ထပ်မံအသုံးပြုနိုင်မည်ဖြစ်သဖြင့် လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ အပြီးသတ်ဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ထို့ပြင် အဆိုပါအိမ်ရာစီမံကိန်းတွင် ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဆေးပေးခန်း၊ နေ့ကလေးထိန်းကျောင်း၊ သုခဒဂုံဈေး၊ မော်တော်ယာဉ်လိုင်း (၅)လိုင်းနှင့် ယာဉ်ရပ်နားကွင်းတို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာများနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် ဝန်ထမ်းများ အချိန်မီနေထိုင်နိုင်ရေးအတွက် လုပ်ငန်းများ အမြန်ပြီးစီးစေရန် မှာကြားခဲ့ကြောင်း သိရသည်။