ထရမ့်ရဲ့ ကြီးရင့်လာတဲ့ အသက်အရွယ်နဲ့ သူ့အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်မှုတွေက သေခြင်းတရားအသိကို သတိပေးသလို ဖြစ်လာ

အင်္ဂါနေ့တုန်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆေးစစ်ချက်ခံယူပြီး ဆေးရုံကနေ ထွက်ခွာလာချိန်၊ အိမ်ဖြူတော်ကိုအပြန်လမ်းမှာ အရာအားလုံးဟာ "အဆင်ပြေပြေ ကောင်းမွန်လွန်းတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီပြောကြားချက်က ထရမ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေကြတာတွေကို ငြိမ်သက်သွားစေဖို့ မလုံလောက်ပါဘူး။ ပြီးတော့ သမ္မတကိုယ်တိုင်ကလည်း ကမ္ဘာမြေပေါ်မှာ သူ့အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာကို ရံဖန်ရံခါ ပြန်တွေးမိပြီး ကောင်းကင်ဘုံကို ရောက်ပါ့မလားလို့ ထုတ်ဖော်တွေးတောရင်း လုံခြုံရေးပိုင်းနဲ့ ဆက်စပ်ပြီးတော့ ဖြစ်လေ့ရှိပေမယ့်၊ သူလည်း သေခြင်းတရားနဲ့ နီးနေပြီဆိုတာကို မသိမသာ ဝန်ခံလာတာတွေ ရှိနေပါတယ်။
“ကျွန်တော် ဘယ်လောက်အထိ အသက်ရှင်နေဦးမလဲတော့ မသိဘူး၊ ကျွန်တော့်ကို ပစ်မှတ်ထား နှိပ်ကွပ်ချင်နေတဲ့သူတွေ အများကြီးရှိတယ်” လို့ ဒီနှစ်အစောပိုင်းက East Room မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ သူက တွေးတွေးဆဆနဲ့ ပြောခဲ့ပါတယ်။
ထရမ့်အနေနဲ့ Walter Reed အမျိုးသားစစ်ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ သွားရောက်တာဟာ မနှစ်က အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးကတည်းကဆိုရင် သုံးကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ သူဟာ ဒီနှစ်ထဲမှာ ဖလော်ရီဒါက သွားဆရာဝန်ဆီ နှစ်ကြိမ်တောင် သွားပြထားပြီးဖြစ်ပေမယ့် အိမ်ဖြူတော်ကတော့ ဒီတစ်ခေါက် ကျန်းမာရေးစစ်ဆေးမှုမှာ "ပုံမှန်နှစ်ပတ်လည် သွားနဲ့ ခန္ဓာကိုယ် ကျန်းမာရေးဆန်းစစ်ချက်တွေ" ပါဝင်မယ်လို့ ပြောပါတယ်။
ထရမ့်နဲ့ သူ့ရဲ့အဖွဲ့ကတော့ သူ့ကို အကန့်အသတ်မရှိတဲ့ စွမ်းအင်တွေ၊ အနှိုင်းမဲ့ ထက်မြက်မှုတွေရှိတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် စိတ်အားထက်သန်စွာ ဖော်ပြလေ့ရှိပြီး အသက်ကြီးလာလို့ သိသိသာသာ ပြောင်းလဲလာတာတွေနဲ့ အစည်းအဝေးတွေမှာ ငိုက်မြည်းနေတတ်တဲ့ အခြေအနေတွေကိုတော့ ဂရုမစိုက်သလို နေကြပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို စစ်ဆေးမှုတွေလုပ်ပြီးနောက် သူ့ရဲ့ဆရာဝန်က ကောင်းမွန်ကြောင်း အမွှမ်းတင် ထုတ်ပြန်ချက်တွေ ပေးခဲ့ပေမယ့်လည်း ထရမ့်ရဲ့ ကျန်းမာရေးအပေါ် သံသယတွေကိုတော့ မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။
ဥပဒေအရ သမ္မတတွေဟာ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ဖို့ မလိုတာကြောင့် သူတို့ ထုတ်ပြန်သမျှဟာ ကိုယ်ပိုင်ဆန္ဒအရပဲ ဖြစ်ပါတယ်။ ထရမ့်မတိုင်ခင်က သမ္မတတော်တော်များများဟာလည်း တာဝန်ထမ်းဆောင်စဉ်အတွင်းမှာ သူတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို ဖုံးကွယ်ထားခဲ့ကြတယ်ဆိုတာ နောက်ပိုင်းမှ သိခဲ့ရတာပါ။
သူ့ရဲ့ နိုင်ငံရေးပုံရိပ်ကို အားအင်ပြည့်ဝပြီး ကြံ့ခိုင်မှုရှိတယ်ဆိုတဲ့ အသွင်အပြင်ပေါ်မှာ တည်ဆောက်ထားတဲ့ ထရမ့်ဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုခုကို ဝန်ခံဖို့ဆိုရင် အတော်လေး ဝန်လေးတတ်တာနဲ့ နာမည်ကြီးပါတယ်။

image