စံချိန်သစ်တစ်ခု ထပ်မံရေးထိုးပြီး လီဗာပူးပရိသတ်များကို နှုတ်ဆက်လာတဲ့ ဆာလက်
======================

မိုဟာမက်ဆာလက်ဟာ စံချိန်သစ်တစ်ခု ထပ်မံရေးထိုးပြီး လီဗာပူးကစားသမားဘဝအား အဆုံးသတ်လာပါတယ်။
အီဂျစ်ဂန္ထဝင်ဟာ ဘရန့်ဖို့ဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင် ကာတစ်ဂျုံးစ်အတွက် နောက်ထပ် ဖန်တီးမှု ပြုလုပ်ကာ စံချိန်သစ်ရေးထိုးလာတာပါ။
ဆာလက်ဟာ ယင်းဖန်တီးမှုကြောင့် ပရီးမီးယားလိဂ်တွင် ဖန်တီးမှု ၉၃ ကြိမ် ပြုလုပ်လာနိုင်ပြီး လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်အား ကျော်ဖြတ်ကာ ကလပ်သမိုင်းတွင် ပရီးမီးယားလိဂ်မှာ ဖန်တီးမှုအများဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
မနေ့ညက ပွဲစဉ်မတိုင်မီကတည်းက လီဗာပူးပရိသတ်များဟာ We have gone from great to glory. Salah is our king.” စာသားပါ နဖူးစည်းအပြင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆာလက်အား နှုတ်ဆက်ခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်တွင် ကလော့ပ်ရဲ့ခေါ်ဆောင်မှုဖြင့် အန်ဖီးလ်သို့ ရောက်လာတဲ့ အီဂျစ်စူပါစတားဟာ လီဗာပူးအတွက် ၄၄၂ ပွဲကစားပေးခဲ့ရာမှာ ၂၅၇ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
သူဟာ လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image