3 ပတ် - ဘာသာပြန်ပါ။

စပို့တင်းအား အနိုင်ယူကာ ပေါ်တူဂီရှုံးထွက်ဖလား ဆွတ်ခူးကာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိလာတဲ့ ဒုတိယတန်းကလပ်
===================

ဒုတိယတန်းကလပ် Torreense ဟာ အချိန်ပို ပင်နယ်တီဂိုးဖြင့် လက်ရှိ ချန်ပီယံ စပို့တင်းလစ္စဘွန်းအား အနိုင်ယူကာ ပေါ်တူဂီရှုံးထွက်ဖလားဆွတ်ခူးလာပါတယ်။
Torreense ဟာ ပွဲအစ ၃ မိနစ်မှာပင် ကီဗင်ဇိုဟီ သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ စပို့တင်းက ဒုတိယပိုင်းအစမှာ ပြန်လည်ချေပဂိုးသွင်းယူခဲ့ပါတယ်။
အချိန်ပိုမှာ စပို့တင်းရဲ့ ဥရုဂွေးဘယ်နောက်ခံလူမက်ဆီမီလီယာနိုအရူဂျို အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီး ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ ယင်းပင်နယ်တီကနေ ကိတ်ဗာဒီနောက်ခံလူစတိုပီရာက Torreense အတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။
Torreense ဟာ ကလပ်သက်တမ်း ၁၀၉ နှစ်အတွင်း ပထမဆုံးဆုဖလား ဆွတ်ခူးလာတာ ဖြစ်ပြီး လာမဲ့ ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိလာခဲ့ပါတယ်။
Torreense က လစ္စဘွန်းနှင့် ၂၅ မိုင်အကွာ တောရက်စ်ဗီဒရက်စ်မှာ အခြေစိုက်တဲ့ ကလပ် ဖြစ်ပြီး ပရိသတ် ၂၅၀၀ တည်းသာ ဆန့်တဲ့ ကွင်းအသုံးပြုနေတဲ့ ကလပ်ပါ။
Torreense ဟာ ယခင် ၁၉၅၆ ခုနှစ်တုန်းက ပေါ်တူဂီဖလား ဗိုလ်လုပွဲသို့ တစ်ကြိမ် တက်ရောက်ခဲ့ဖူးပေမဲ့ ပေါ်တိုအား အရေးနိမ့်ခဲ့ပါတယ်။
Torreense ဟာ ဒုတိယတန်းပလေးအော့ဖ်ကနေ တဆင့် ပေါ်တူဂီအဆင့်မြင့်တန်းလိဂ်သို့ တန်းတက်ခွင့် ပိုင်ဆိုင်ထားတဲ့ကလပ်လည်း ဖြစ်ပါတယ်။ Torreense ဟာ ပလေးအော့ဖ်ပထမအကျော့မှာ ကာဆာပီယာနှင့်ဂိုးမရှိသရေကျထားပြီး လာမဲ့ကြာသပတေးနေ့မှာ ဒုတိယအကျော့ကစားရပါမယ်။
စပို့တင်းဟာ ယခုရာသီ ပေါ်တူဂီအဆင့်မြင့်တန်းလိဂ်မှာ ဒုတိယနေရာဖြင့် အဆုံးသတ်ထားပါတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြည်တွင်းဖလား ၂ လုံး ဆွတ်ခူးခဲ့တဲ့အသင်းပါ။

image