ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုခံရမှုအပေါ် စပို့တင်းအသင်းခေါင်းဆောင်တုံ့ပြန်လာ
===================

စပို့တင်းလစ္စဘွန်းအသင်းခေါင်းဆောင်မော်တန်ဟူလ်မန်းက ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံရမှုအပေါ် ကြီးမားတဲ့ ဂုဏ်ယူမှု ဖြစ်မိကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ခံစစ်ကစားသမားဟာ လာမဲ့ နွေရာသီတွင် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပစ်မှတ်စာရင်းတွင် ပါဝင်နေသူလည်း ဖြစ်ပါတယ်။
ဟူလ်မန်းဟာ လက်ချီမှ ပြောင်းလာပြီးနောက် စပို့တင်းလစ္စဘွန်းတွင် တောက်လျှောက် ခြေစွမ်းပြကစားလာမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်အပြင် ယူနိုက်တက်၊ အာဆင်နယ်တို့ရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကက်စ်မီရိုနေရာတွင် ဟူလ်မန်းနှင့် အစားထိုးရန် စီစဉ်ထားခဲ့ပေမဲ့လည်း ရီးရဲလ်မက်ဒရစ်ကြားဝင်လာမှုကြောင့် လက်လွှတ်ရရေး စိုးရိမ်နေရပြီ ဖြစ်ပါတယ်။
တဖက်တွင် ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံနေရမှုအပေါ် "ရီးရဲလ်မက်ဒရစ်လို ကလပ်မျိုးရဲ့ စိတ်ဝင်စားခြင်းခံရလို့ တကယ့်ကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော်က စပို့တင်းကစားသမားအဖြစ် ရှိနေတုန်းပါ။ ဒီကလပ်ကိုလည်း အများကြီး ချစ်တယ်။ ဒီကလပ်အပေါ်မှာပဲ အာရုံစိုက်ထားတယ်။ ပြီးတော့ မနက်ဖြန်ပွဲ(ယနေ့ည Torreense နှင့် ဗိုလ်လုပွဲ)အပေါ်မှာ အာရုံစိုက်ထားတယ်။ ဒီပွဲပြီးမှ အနာဂတ်အကြောင်း ပြောပါမယ်။ ဒါကတော့ လုံးဝ သေချာတယ်"လို့ ပြောကြားသွားပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာမဲ့ ဂျိုဆေးမော်ရင်ဟိုဟာ လာမဲ့ရာသီတွင် ကွင်းလယ်အား ပြန်လည်တည်ဆောက်ရေးအတွက် စပို့တင်းအသင်းခေါင်းဆောင်ဟူလ်မန်းအား ခေါ်ဆောင်ပေးရန် ရီးရဲလ်မက်ဒရစ်အား တင်ပြထားကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဟူလ်မန်းအား ခေါ်ယူရန် ယူရိုသန်း ၅၀ ဝန်းကျင် အသုံးပြုလာရဖို့ ရှိပါတယ်။

image