ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ဆွတ်ခူး
====================
ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးလာပါတယ်။
ပေါ်တူဂီအလယ်တန်းကစားသမားဟာ ယခုလအစောပိုင်းတုန်းကလည်း ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးထားသူ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက နော်တင်ဟမ်ဖောရက်စ်နိုင်ပွဲတွင် ယခုရာသီ ပရီးမီးယားလိဂ်တွင် အကြိမ် ၂၀ မြောက် ဖန်တီးမှု ပြုလုပ်ကာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဖန်တီးမှုစံချန်အား လိုက်မီခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၃၇ ပွဲကစားထားရာမှာ ၈ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၃ နေရာတွင် ရပ်တည်နိုင်အောင် ကူညီထားသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ဂိုးရနိုင်တဲ့ ဖန်တီးမှု ၁၃၂ ကြိမ်အထိ ဖန်တီးထားကာ ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ သူဟာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးရဲ့ဆိုဘိုဆလိုင်းထက် ဖန်တီးမှု ၄၃ ကြိမ် ပိုမို ပြုလုပ်ထားပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၁၁ ခုနှစ်တုန်းက နီမင်ဂျာဗီဒစ် ဆွတ်ခူးပြီးနောက် ဒီဆုကို ဆွတ်ခူးလာတဲ့ ပထမဆုံးယူနိုက်တက်ကစားသမားလည်း ဖြစ်ပါတယ်။
ယခုဆုကို ပရိသတ်များအပြင် ဘောလုံးကျွမ်းကျင်သူများခုံအဖွဲ့မဲဖြင့် ပေါင်းစပ် ချီးမြှင့်လာတာလည်း ဖြစ်ပါတယ်။
သူဟာ အာဆင်နယ်ရဲ့ ဒေးဗစ်ရာယာ၊ ဒီကလန်ရိုက်၊ မန်စီးတီးရဲ့အာလင်းဟာလန်း၊ အန်တိုနီဆီမန်ယို၊ ဘရန့်ဖို့ဒ်ရဲ့အိုင်ဂေါ်ဂျီးဆပ်စ်၊ နော်တင်ဟမ်ဖောရက်စ်ရဲ့မော်ဂန်ဂစ်ဘ်ဝှိုက်တို့အား ကျော်ဖြတ်ကာ ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို မန်စီးတီးရဲ့နီကိုအိုရီလေက ဆွတ်ခူးသွားပါတယ်။
အသက် ၂၁ နှစ်ရှိကစားသမားဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၃၄ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
အသက် ၈ နှစ်အရွယ်ကတည်းက မန်စီးတီးသို့ ရောက်လာခဲ့တဲ့ နီကိုအိုရီလေဟာ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။