ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိလာမဲ့ ဟားလ်စီးတီး
=====================
ဟားလ်စီးတီးဟာ ဝင်ဘာလေကွင်းတွင် မစ်ဒယ်ဘရော့အား ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲမှာ ၁-၀ ဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရလာပါတယ်။
ဟားလ်စီးတီးဟာ အချိန်ပို ၄ မိနစ်တွင် အိုလီမက်ဘန်နီ သွင်းယူတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် မစ်ဒယ်ဘရော့အား အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ကိုဗင်ထရီ၊ အစ္စဝှစ်ချ်တို့နှင့်အတူ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရလာခဲ့တာပါ။
ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် ဆောက်သမ်တန်ဟာ မစ်ဒယ်ဘရော့ကို အနိုင်ရရှိခဲ့ပေမဲ့လည်း ပြိုင်ဘက်အသင်းကို စပိုင်လုပ်မှုကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဟားလ်စီးတီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ခန့်ကမှ ဝင်ဘာလေဗိုလ်လုပွဲမှာ ဘယ်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမလဲဆိုတာ သိခွင့် ရရှိခဲ့တာပါ။
ဟားလ်စီးတီးဟာ ၁၆ နှစ်အတွင်းတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိလာမှုနှင့်အတူ ချန်ပီယံရှစ်တွင် အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပေမဲ့ ပလေးအော့ဖ်မှ တဆင့် တန်းတက်ခွင့် ရရှိလာတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းကလည်း ဘလက်ပူးလ်ဟာ ချန်ပီယံရှစ်မှာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပေမဲ့ ပလေးအော့ဖ်မှတဆင့် တန်းတက်ခွင့်ရခဲ့ဖူးပါတယ်။
တဖက်တွင် ပရီးမီးယားလိဂ်မှ ဝုဗ်နှင့် ဘန်လေတို့ တန်းဆင်းထားရပြီးဖြစ်ကာ တနင်္ဂနွေနေ့ ရာသီသိမ်းပွဲတွင် ဝက်စ်ဟမ်း (သို့မဟုတ်) စပါးစ်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်လာပါဦးမယ်။