ဆယ်နှစ်ကြာ ကိုင်တွယ်လာတဲ့ မန်စီးတီးမှ ထွက်ခွာလာပြီးနောက် ဂွါဒီယိုလာရဲ့ နောက်ထပ် အလုပ်သစ်အား အတည်ပြုနိုင်ပြီ
=================
ရာသီအကုန်တွင် မန်စီးတီးနည်းပြရာထူးမှ ထွက်ခွာလာမဲ့ ပက်ဂွါဒီယိုလာရဲ့ အလုပ်သစ်အား အတည်ပြုလာနိုင်ပြီ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ တနင်္ဂနွေနေ့ည အက်စတွန်ဗီလာနှင့်ပွဲအပြီးတွင် မန်စီးတီးနည်းပြရာထူးမှ နုတ်ထွက်လာပါမယ်။
ဒါပေမဲ့ ပက်ဂွါဒီယိုလာဟာ မန်စီးတီးနှင့် နီးနီးကပ်ကပ် ဆက်လက် အလုပ်လုပ်လာဦးမှာ ဖြစ်ပါတယ်။
ပက်ဂွါဒီယိုလာကို မန်စီးတီးအသင်းပိုင်ရှင် City Football Group ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်လာမှာလည်း ဖြစ်ပါတယ်။
အလုပ်သစ်တွင် ပက်ဂွါဒီယိုလာအနေဖြင့် မန်စီးတီးနှင့် ညီအစ်မကလပ်များအား နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးမှုများ ပြုလုပ်သွားရပါမယ်။
City Football Group ဟာ မန်စီးတီးအပါအဝင် တစ်ကမ္ဘာလုံး ကလပ် ၁၀ ခုအထိ ပိုင်ဆိုင်ထားတာပါ။
၎င်းတို့ဟာ ဂီရိုနာ၊ လွမ်မယ်အက်စ်ကေ၊ ပါလာမို၊ နယူးယောက်စီးတီးအက်ဖ်စီ၊ မွန်တီဗီဒီယိုစီးတီး၊ တော်ကွေး၊ ဘာဟီယာ၊ မဲလ်ဘုန်းစီးတီးအက်ဖ်စီ၊ ယိုကိုဟားမားအက်ဖ်မာရီနို့စ်၊ ရှင်ကျန်းပင်စီးတီးတို့ကို ပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင် City Football Group ဟာ ကလပ်ဘိုလီဗာတွင်လည်း ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားပါသေးတယ်။
ဒါပေမဲ့ City Football Group ဟာ ပြီးခဲ့တဲ့နှစ်မှ စတင်ကာ အိန္ဒိယစူပါလိဂ်ကလပ် မွမ်ဘိုင်းစီးတီးနှင့် လမ်းခွဲခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးကို ၁၀ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း အဓိကဆုဖလား ၁၇ လုံး ရယူပေးခဲ့သူ ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့ နေရာကို မန်စီးတီးလက်ထောက်နည်းပြဟောင်းအန်ဇိုမာရက်စ်ကာက ဆက်ခံလာဖို့ ရှိနေပါတယ်။