ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများရဲ့ စပိုင်အလုပ်မခံရအောင် လေ့ကျင့်ရေးကွင်းကို လုံခြုံရေးတင်းကြပ်လာမဲ့ အင်္ဂလန်အသင်း
==================

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပြိုင်ဘက်အသင်းများရဲ့ စပိုင်လုပ်ခြင်းမခံရအောင် လေ့ကျင့်ရေးကွင်းအား လုံခြုံရေးတင်းကြပ်သွားပါမယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မစ်ဆူရီ၊ ကန်ဆက်စ်စီးတီးရှိ Swope Soccer Village မှာ အခြေစိုက်လာမှာ ဖြစ်ပြီး ပြိုင်ဘက်အသင်းများက ကင်းထောက်လာနိုင်မှုအား နည်းလမ်းပေါင်းစုံအသုံးပြုကာ ကာကွယ်လာပါမယ်။
မကြာသေးမီတုန်းက ပလေးအော့ဖ်ဆီမီးဖိုင်နယ်မတိုင်မီ ဆောက်သမ်တန်အသင်းက စပိုင်စေလွှတ်ကာ ပြိုင်ဘက် မစ်ဒယ်ဘရော့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်အား ကင်းထောက်စေခဲ့တဲ့ အဖြစ်အပျက်ကြောင့် အင်္ဂလန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် လေ့ကျင့်ခန်းအစီအစဉ်အား လုံခြုံရေးတိုးကြပ်မှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
သောမတ်စ်တူချယ်က "ပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်က အရမ်းအရေးကြီးတယ်။ အဲဒီလေ့ကျင့်ခန်းမှာ အသင်းတည်ဆောက်တယ်၊ အလွတ်တည်ကန်ဘောလေ့ကျင့်တယ်၊ ပင်နယ်တီကန်မဲ့သူ ရွေးတယ်။ ဒါတွေကို ပြိုင်ဘက်တွေကို မသိစေချင်ပါဘူး။ ဒါတွေကို သိသွားရင် ပြိုင်ဘက် တစ်ပန်းသာသွားပါပြီ။ ဒီတော့ တတ်နိုင်သလို လုံခြုံအောင် လုပ်ရမယ်။ အာဂျင်တီးနားက ကန်ဆက်စ်က အရမ်းတိတ်ဆိတ်ငြိမ်သက်တဲ့ အဆောက်အဦကို ပထမဆုံးရွေးချယ်ခဲ့တယ်။ ဒီတော့ ကိုယ်ကလည်း လွှမ်းမိုးနိုင်သလောက် လွှမ်းမိုးနိုင်အောင် လုပ်တယ်။ လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများအတွက် အရမ်းကျေနပ်တယ်။ အထူးသဖြင့် အက်ဖ်အေလုပ်တာတွေပေါ့။ အားလုံး အကောင်းဆုံးဖြစ်အောင် လုပ်ကြတယ်။ ကျွန်တော်တို့ လိုအပ်တာ အားလုံးရှိတယ်။ ဒါပေမဲ့ ဒါကို အပေါ်စီးက မြင်နိုင်တာကိုတော့ သဘောတူပါတယ်"လို့ ပြောကြားသွားပါတယ်။
ယခင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆွီဒင်အသင်းဟာ ပြိုင်ဘက် တောင်ကိုရီးယားအသင်းအား စပိုင်လုပ်မှုအတွက် တောင်းပန်ခဲ့ရဖူးပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပြင်သစ်အသင်းကလည်း လေ့ကျင့်ခန်းအစီအစဉ်ကို ဒရုန်းဖြင့် စပိုင်အလုပ်ခံခဲ့ရကြောင်း ကြေညာခဲ့ဖူးပါတယ်။
အင်္ဂလန်အသင်းနည်းပြဂရေဟမ်တေလာဟာ ၁၉၉၃ ခုနှစ်တုန်းက နော်ဝေနှင့် အရေးပါတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ လေ့ကျင့်ရေးအစီအစဉ်ကို စစ်တပ်သို့ ပြောင်းရွှေ့လုပ်ဆောင်ခဲ့ဖူးပါတယ်။

image