မိုးအေးအေးလေးမှာ သောက်ဖို့ "ကန်စွန်းဥ သာကူကျိုနည်း"
အခုလို မိုးအေးအေးလေးနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် မာမာကျိုလေ့ရှိတဲ့ သာကူကျိုနည်းလေးပါ။ ပါဝင်ပစ္စည်းတွေကို အလွယ်မှတ်ပြီး ကိုယ်တိုင်ကျိုစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။
💡 မာမာ့ရဲ့ အသုံးဝင်တဲ့ Tips လေးများ
သာကူစေ့: သာကူကျိုတဲ့အခါ သာကူစေ့ကို လုံးဝ (လုံးဝ) ရေမဆေးရပါဘူး။
ကန်စွန်းဥ: အတုံးတုံးပြီးတာနဲ့ ရေချက်ချင်းစိမ်ထားပါ။ ရေမစိမ်ရင် မဲသွားတတ်လို့ပါ။
အစားထိုးပစ္စည်း: ကန်စွန်းဥမရှိရင် အာလူး၊ မုန်လာဥနီ၊ ပိန်းဥ ကြိုက်ရာသုံးနိုင်သလို၊ အုန်းနို့ သို့မဟုတ် နို့စိမ်း နှစ်သက်ရာ ထည့်စားနိုင်ပါတယ်။
အချိုအရသာ: ထန်းလျက်၊ ကြံသကာ သို့မဟုတ် သကြား ကြိုက်တာသုံးပါ။ သကြားသုံးရင် ပိုချိုတဲ့ "သကြားဝါ" က ပိုကောင်းပြီး၊ မာမာကတော့ "မုန့်လုပ်ထညက်" ရဲ့ အနံ့နဲ့အရသာကို အကြိုက်ဆုံးပါပဲ။
လှူဒါန်းလိုသူများအတွက်: သာကူ ၁ ပိဿာကျိုရင် ဘူးနဲ့ဝေရင် (လူ ၁၀၀ စာ)၊ အဝကျွေးရင် (လူ ၅၀ စာ) ရပါတယ်။
💧 ရေအချိုးအစားနှင့် အနေအထား
ခပ်ပျစ်ပျစ် ကြိုက်ရင်: စုစုပေါင်း ရေ ၁၇ လီတာနဲ့ ကျိုပါ။
မပျစ်မကျဲ အနေတော် ကြိုက်ရင်: စုစုပေါင်း ရေ ၂၀ လီတာနဲ့ ကျိုပါ။
မာမာ့အကြံပြုချက်: သာကူရဲ့သဘာဝကတော့ ကျိုပြီးခါစ ပူပူနွေးနွေးလေး စားရတာဟာ အကောင်းဆုံးနဲ့ အုန်းမွှေးဆုံးပဲမို့ အိမ်မှာ အခုပဲ ကျိုစားကြည့်လိုက်ရအောင်နော်။