ရာသီသိမ်းချိန်တွင်မှ အနာဂတ်ကို ဆုံးဖြတ်လာမည်ဟု ဂွါဒီယိုလာဖွင့်ဟလာ
===================

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ရာသီသိမ်းချိန်တွင်မှ အီတီဟတ်အနာဂတ်ကို ဆုံးဖြတ်လာမယ်လို့ အတည်ပြုလာပါတယ်။
မန်စီးတီးဟာ အင်္ဂါနေ့ညတုန်းက ဘုန်းမောက်နှင့် သရေကျပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး အဆုံးသတ်လိုက်ရပြီဖြစ်ပါတယ်။
မန်စီးတီးဂန္ထဝင်နည်းပြမှာ အစောပိုင်းတုန်းက ရာသီအကုန်တွင် ထွက်ခွာမယ်လို့ သတင်းထွက်ခဲ့ပေမဲ့လည်း ယခုအခါ မန်စီးတီးကို ဆက်လက် ကိုင်တွယ်လာနိုင်သေးကြောင်း ပြောကြားလာပြန်ပါတယ်။
မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးခဲ့တဲ့ ဂွါဒီယိုလာက "နားထောင်။ ကျုပ်မှာ တစ်နှစ်စာချုပ်ကျန်သေးတယ်။ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပရီးမီးယားလိဂ်တို့ပဲ ခေါင်းထဲမှာ ရှိနေသေးလို့ ဥက္ကဌ၊ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ စကားပြောရဦးမှာ ဖြစ်လို့ ဘယ်လို ဆုံးဖြတ်လာမယ်ဆိုတာ မင်းတို့ကို မပြောသေးဘူး။ အသင်းကို အမှတ်အများဆုံးရရှိအောင် လုပ်ပေးရဦးမယ်။ ပြီးတော့မှ ဆုံးဖြတ်လာမယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့အပတ် ဘန်လေနှင့်ပွဲအပြီးတွင် ကစားသမားများအား ညနေဘက်တွင် ဗီဒီယိုဖုန်းခေါ်ဆောင်မှု ပြုလုပ်ကာ ရာသီအကုန်တွင် ထွက်ခွာတော့မယ်လို့ အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အထက်ပါ သတင်းမှာ စောစောစီးစီးတွင်ပင် ပေါက်ကြားသွားခဲ့ပြီး ဂွါဒီယိုလာ ထွက်ခွာလာတော့မယ်လို့ အားလုံးက ယုံကြည်နေကြပါတယ်။
ယခုအခါ ဂွါဒီယိုလာက ရာသီသိမ်းပြီးချိန်တွင်မှ အနာဂတ်ကို ဆုံးဖြတ်လာမယ်လို့ လူသိရှင်ကြား ပြောကြားလာမှုနှင့်အတူ အီတီဟတ်တွင် ဆက်ရှိနေနိုင်ပါသေးတယ်။

image