အဝတ်အစားလဲခန်းနှင့် ရေချိုးခန်းတို့တွင် ကစားသမားများအား ဗီဒီယိုခိုးရိုက်မှုအတွက် ရာသက်ပန် ပွဲပယ်ခံလာရတဲ့ အမျိုးသမီးအသင်းနည်းပြ
==================
နည်းပြချုပ်ဟောင်းတစ်ဦးဟာ အမျိုးသမီးကစားသမားများအား အဝတ်အစားလဲခန်းနှင့် ရေချိုးခန်းတို့တွင် လျို့ဝှက်ဗီဒီယိုခိုးရိုက်ကူးမှုအတွက် ယူအီးအက်ဖ်အေရဲ့ ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
ပက်ဗလာချော့ဗ်စကီးဟာ လေးနှစ်တာကာလအတွင်းတွင် ကစားသမား ၁၄ ဦးတို့အား ဗီဒီယိုခိုးရိုက်ကူးမှုအတွက် ပြီးခဲ့တဲ့နှစ်တုန်းက ချက်တွင် ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်နှင့် ၅ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ဖြစ်ပါတယ်။
ယခုအခါ ယူအီးအက်ဖ်အေက ဗလာချော့ဗ်စကီးအား အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရာသီပန်ဘောလုံးလောကနှင့်ပတ်သက်ခွင့် ပိတ်ပင်လာပြီ ဖြစ်ပါတယ်။
ဗလာချော့ဗ်စကီးဟာ1. FC Slovacko တွင် မိန်းကလေးငယ်များနှင့် အမျိုးသမီးများကို ၁၅ နှစ်တိုင်တိုင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး ၂၀၂၃ ခုနှစ်တုန်းက ခိုးရိုက်ဗီဒီယိုများ အွန်လိုင်းတွင် ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
အသက် ၄၂ နှစ်ရှိ နည်းပြဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုတွင် သုံးတဲ့ ပစ္စည်းများလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ယူအီးအက်ဖ်အေဟာ ဗလာချော့ဗ်စကီးအား တစ်ကမ္ဘာလုံးတွင် ပြစ်ဒဏ်အကျိုးသက်ရောက်ရေးအတွက် ဖီဖာထံကိုလည်း တောင်းဆိုမှု ပြုလုပ်ထားသလို ချက်ဘောလုံးအဖွဲ့ချုပ်ကိုလည်း လိုင်စင်ရုတ်သိမ်းရန် အသိပေးထားပါတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားများသမ္မဂရဲ့အဆိုအရ 1. FC Slovacko မှ ကစားသမားများဟာ ဗလာချော့ဗ်စကီး ဖမ်းဆီးထိန်းသိမ်းခြင်းခံရချိန်တွင်မှ ဗီဒီယိုခိုးရိုက်ကူးခြင်းခံရကြောင်း သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗလာချော့ဗ်စကီးဟာ ကျောပိုးအိတ်တွင် လျို့ဝှက်ကင်မရာတပ်ဆင်ကာ ဗီဒီယိုမှတ်တမ်း ရယူခဲ့တာပါ။
ဗလာချော့စကီးဟာ တချိန်တုန်းက နိုင်ငံရဲ့အကောင်းဆုံးအမျိုးသမီးအသင်းအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရဖူးတဲ့ ချက်ယူ-၁၉ အသင်းကိုလည်း ကိုင်တွယ်ဖူးသူ ဖြစ်ပါတယ်။