ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့် ရရှိလာတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိလာနိုင်သေးတဲ့ ဘုန်းမောက်
=====================
ဘုန်းမောက်ဟာ မနေ့ညတုန်းက အိမ်ကွင်းတွင် အာလင်းဟာလန်းရဲ့ နောက်ကျချေပဂိုးကြောင့် နိုင်ပွဲ မရရှိခဲ့ဘဲ သရေဖြင့်သာ ကျေနပ်ခဲ့ရပေမဲ့ အောင်ပွဲခံနိုင်ဆဲ ဖြစ်ပါတယ်။
ဘုန်းမောက်ဟာ Vitality Stadium တွင် မန်စီးတီးနှင့် တစ်ဂိုးစီသရေကျမှုကြောင့် လာမဲ့ ရာသီတွင် ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့် ရရှိလာပါတယ်။
ဘုန်းမောက်ဟာ အနည်းဆုံး ယူရိုပါလိဂ်ဝင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုန်းမောက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နိုင်မဲ့ လမ်းကြောင်းနှစ်ခုလည်း ပိုင်ဆိုင်နေပါတယ်။
ဘုန်းမောက်အတွက် ပထမလမ်းကြောင်းက ဗုဒ္ဓဟူးနေ့ည ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဗီလာက ဖရိုင်းဘတ်ကို အနိင်ရရှိလာပါက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
ပြီးလျှင် အူနိုင်းအမ်မရီရဲ့ဗီလာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာတွင် ရပ်တည်လာပါက ဥရောပစွမ်းဆောင်ရည်မှတ်တမ်းအရ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမှာ ဖြစ်သလို ယူရိုပါလိဂ်ချန်ပီယံအဖြစ်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရလာပါမယ်။
ဒါကြောင့်လည်း ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် နောက်ထပ် တစ်နေရာ ပိုမို ရရှိလာမှာ ဖြစ်ပြီး အဆင့် ၆ နေရာမှ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရလာပါမယ်။
ဗီလာအနေဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်ရန် ရာသီသိမ်းတွင် မန်စီးတီးကို ရှုံးနိမ့်ပြီး လီဗာပူးက အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်အား အနိုင်ရရှိရန် လိုအပ်ပါတယ်။
ဘုန်းမောက်မှာ ရာသီသိမ်းပွဲတွင် နော်တင်ဟမ်ဖောရက်စ်ကို မရှုံးနိမ့်ဘဲ ဘရိုက်တန်ကလည်း အိမ်ကွင်းတွင် ယူနိုက်တက်ကို အနိုင်ရရှိလာပါက အဆင့် ၆ နေရာမှာ ရပ်တည်ကာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာပါမယ်။
ဘုန်းမောက်အတွက် နောက်ထပ် ချန်ပီယံလိဂ်ဝင်ခွင့်လမ်းကြောင်းတစ်ခုလည်း ရှိနေပါသေးတယ်။
လီဗာပူးတို့ ရှုံးနိမ့်လာလျှင် ဘုန်းမောက်က ဂိုးကွာခြားချက်ဖြင့် (ဂိုးကွာ ၇ ဂိုး) အသာရလာနိုင်ပါတယ်။ ဒီလို ဖြစ်လာဖို့ လီဗာပူးက ၃-၀ ဖြင့် ရှုံးနိမ့်ပြီး ဘုန်းမောက်ကလည်း ၄-၀ ဖြင့် အနိုင်ရရှိရန် လိုအပ်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးနေရာအတွက် ပလေးအော့ဖ်ကစားပြီးတော့လည်း ဆုံးဖြတ်လာနိုင်ပါသေးတယ်။
လီဗာပူးက ဘရန့်ဖို့ဒ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ပြီး ဘုန်းမောက်က ဖောရက်စ်ကို ၅-၀ ဖြင့် အနိုင်ရရှိလာပါက သွင်းဂိုး/ရဂိုးဂိုးကွာခြားချက်၊ ထိပ်တိုက်တွေ့ဆုံမှုရလဒ်အတူတူ ဖြစ်လာမှာ ဖြစ်ကာ ပလေးအော့ဖ်ကစားလာရပါမယ်။
အာဆင်နယ်က ဘုန်းမောက်တို့ မန်စီးတီးနှင့် သရေကျသွားလို့ ၂၂ နှစ်အတွင်း ပထမဆံးပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားပြီဖြစ်ပေမဲ့ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲ ၁၀ ပွဲမှ ၆ ပွဲက ကလပ်တွေရဲ့အနာဂတ်ကို ဆုံးဖြတ်လာမဲ့ပွဲတွေ ဖြစ်နေပါတယ်။
ပွဲ ၆ ပွဲက ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်၊ ကွန်ဖရင့်လိဂ်ဝင်ခွင့်နှင့် တန်းဆင်းရရေးတို့အပေါ် ဆုံးဖြတ်လာပါမယ်။
ရာသီသိမ်းပွဲတွင် ဝက်စ်ဟမ်းတို့က အိမ်ကွင်းတွင် လိဒ်ကို အနိုင်ရရှိဖို့ လိုနေသလို စပါးစ်ကလည်း အဲဗာတန်ကို အနိုင်ရရှိရန် လိုအပ်နေပါတယ်။ အဲဗာတန်အတွက် ဘာမျှော်လင့်စရာမျှ မရှိတော့တဲ့အသင်း ဖြစ်ပါတယ်။
ဘရိုက်တန်မှာလည်း ယူရိုပါလိဂ်ဝင်ခွင့် ရရှိရန် အိမ်ကွင်းတွင် ယူနိုက်တက်အား အနိုင်ရရှိရန် လိုအပ်နေပါတယ်။ တကယ်လို့ အနိုင်မရရှိလာပါက ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ ဆန်းဒါးလန်းတို့ရဲ့ ကျော်တက်ခြင်းခံလာရနိုင်ပါတယ်။
အဆင့် ၈ နေရာမှာ ရပ်တည်ကာ ကွန်ဖရင့်လိဂ်ဝင်ခွင့်ရထားတဲ့ ချဲလ်ဆီးမှာလည်း အလင်းရောင်ကွင်းတွင် ဆန်းဒါးလန်းကို အနိုင်ရရှိလာပါက ယူရိုပါလိဂ်ဝင်ခွင့်ရလာနိုင်ပါတယ်။ ဆန်းဒါးလန်းမှာလည်း ချဲလ်ဆီးကို အနိုင်ရရှိပြီး ဘရန့်ဖို့ဒ်အနိုင်မရ (သို့မဟုတ်) ဘရိုက်တန်ရှုံးနိမ့်လာပါက ဥရောပဝင်ခွင့်ရလာပါမယ်။
ဘရန့်ဖို့ဒ်မှာ အန်ဖီးလ်တွင် လီဗာပူးကို အနိုင်ရရှိလာမှသာလျှင် ဥရောပဝင်ခွင့် မျှော်မှန်းနိုင်ပါမယ်