ခရိုအေးရှားရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် အသက် ၄၀ နှစ်ရှိ လူကာမိုဒရစ် ပါဝင်လာ
==================

ဝါရင့်ကွင်းလယ်ကစားသမားလူကာမိုဒရစ်ဟာ ခရိုအေးရှားရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်လာမှုနှင့်အတူ မေးရိုးအက်ဒဏ်ရာမှ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်နေရပါတယ်။
အသက် ၄၀ နှစ်ရှိ အေစီမီလန်ကွင်းလယ်ကစားသမားဟာ ဧပြီလနှောင်းပိုင်းတုန်းက ဂျူဗင်တပ်နှင့်ပွဲစဉ်တွင် ခေါင်းချင်းဆောင့်မိကာ မေးရိုးအက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် Ballon d'Or ဆုရှင်ဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ သူဟာ နည်းပြဇလက်ကိုဒါလစ်ရဲ့ ၂၆ ဦးလူစာရင်းတွင် ရွေးချယ်ခြင်းခံလာရပါတယ်။
ဒါလစ်က "သူက မျက်နှာဖုံးစွပ်ပြီး လေ့ကျင့်ခန်းဆင်းနေတယ်။ အားလုံးလည်း ကောင်းတယ်။ အခုလို နားနေရတာ သူ့အတွက် ကောင်းလာနိုင်တယ်။ သူ့အခြေအနေ ဘယ်လို ရှိနေမလဲ ကြည့်ရဦးမယ်။ ဒါပေမဲ့ သူ့အပေါ် သံသယမဝင်ပါဘူး။ သူအခြေအနေကောင်းနေမှာပါ"လို့ ပြောကြားသွားပါတယ်။
စပါးစ်နှင့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းဟာ ခရိုအေးရှားအား ၂၀၁၈ ကမ္ဘာ့ဖလားတွင် တတိယနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်အောင် အဓိကနေရာမှ ကူညီခဲ့သူ ဖြစ်ပြီး ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားလာပါမယ်။
ဇန်နဝါရီလကတည်းက ခြေသလုံးရိုးအက်ဒဏ်ရာကြောင့် အနားယူလာခဲ့ရတဲ့ မန်စီးတီးနောက်ခံလူဂျို့စ်ကိုဂဗာဒီယော်မှာလည်း ခရိုအေးရှားလူစာရင်းတွင် ပါဝင်လာပါတယ်။
ခရိုအေးရှားနည်းပြဒါလစ်က ဂဗာဒီယော်မှာ ကမ္ဘာ့ဖလားမတိုင်မီ ခြေစမ်းပွဲများတွင် ပါဝင်လာနိုင်ကြောင်း အတည်ပြုထားပါတယ်။
ခရိုအေးရှားလူစာရင်းတွင် မန်စီးတီးကွင်းလယ်ကစားသမားကိုဗာဆစ်၊ ဟားလ်စီးတီးဂိုးသမားအိုင်ဗော်ပန်ဒူ၊ အဲဗာတန်နှင့် ဝက်စ်ဟမ်းကွင်းလယ်ကစားသမားဟောင်းနီကိုလာဗလာဆစ်၊ စပါးစ်တောင်ပံကစားသမားဟောင်းအိုင်ဗန်ပီရီဆစ်တို့လည်း ရွေးချယ်ခံထားရပါတယ်။
ခရိုအေးရှားဟာ ဇွန်လ ၁၇ ရက်နေ့တွင် အင်္ဂလန်နှင့် အုပ်စုအဖွင့်ပွဲ ကစားရမှာ ဖြစ်ပြီး ပနားမား၊ ဂါနာတို့နှင့်လည်း ထိပ်တိုက်ကစားရပါမယ်။

image