ဘွန်ဒက်စ်လီဂါသို့ တန်းတက်ခွင့်ရလာတဲ့ လူဦးရေ ၁၃၀၀၀ သာရှိတဲ့ မြို့အခြေစိုက်ကလပ်
=================
အယ်ဗာ့စ်ဘတ်ဟာ တန်းဆင်းသွားရပြီဖြစ်တဲ့ ပရူဆင်မန်စတာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ တန်းတက်ခွင့် ရရှိလာပြီးနောက် ဘွန်ဒက်စ်လီဂါရဲ့ အသေးငယ်ဆုံးကလပ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ လူဦးရေ ၁၃၀၀၀ သာ တည်ရှိတဲ့ စပီးဆင်အယ်ဗာ့စ်ဘတ်မြို့တွင် အခြေစိုက်တဲ့ကလပ်ဖြစ်ပြီး ဘွန်ဒက်စ်လီဂါရဲ့ အသေးငယ်ဆုံးမြို့ ဖြစ်လာပါမယ်။
ငါးနှစ်အတွင်း တတိယအကြိမ်မြောက် တန်းတက်ခွင့် ရရှိပြီးနောက် အယ်ဗာ့စ်ဘတ်ပရိသတ်များဟာ ပရိသတ် ၁၀၀၀၀ ဆန့် Waldstadion ကွင်းသို့ ဆင်းကာ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဘွန်ဒက်စ်လီဂါသို့ တန်းတက်ရန် နီးစပ်ခဲ့ပေမဲ့လည်း ပလေးအော့ဖ်တွင် ဟိုင်ဒန်ဟိမ်းကို ရှုံးနိမ့်ကာ တန်းတက်နိုင်မဲ့ အခွင့်အရေး လက်လွှတ်ခဲ့ရတာပါ။
အယ်ဗာ့စ်ဘတ်ကို ၁၉၀၇ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ဂျာမနီအနောက်တောင်ပိုင်း အသေးငယ်ဆုံး ဆားလန်းပြည်နယ်တွင် တည်ရှိပါတယ်။ ၎င်းတို့ဟာ စတုတ္ထတန်းတွင်သာ ကျင်လည်လာခဲ့တဲ့ ကလပ်ဖြစ်ပြီး ၂၀၂၃-၂၄ ရာသီတွင် ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်းသို့ တန်းတက်ခွင့်ရခဲ့ပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ ဘွန်ဒက်စ်လီဂါရဲ့ စံချိန်စံညွန်းနှင့် ကိုက်ညီစေရန်အတွက် Waldstadion ကွင်းကို အဆင့်မြှင့်တင်မှု ပြုလုပ်နေပြီး ၂၀၂၇ ခုနှစ်တွင် ပရိသတ် ၁၅၀၀၀ အထိ တိုးမြှင့်တည်ဆောက်ရန် စီစဉ်ထားပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ လာမဲ့ရာသီတွင် ရှော်လ်ကေးနဲ့အတူ ဘွန်ဒက်စ်လီဂါသို့ တန်းတက်ခွင့်ရလာတာပါ။
တန်းတက်/တန်းဆင်းပလေးအော့ဖ်တစ်နေရာအတွက် ဝုဖ်ဘတ်နှင့် ပါဒါဘွန်းတို့အပြင် ဒုတိယတန်းမှ အဆင့် ၃ ရရှိတဲ့အသင်းတို့က ယှဉ်ပြိုင်ကစားရပါမယ်။