ဟတ်စ်ကို အနိုင်ယူပြီး စကော့တလန်ပရီးမီးယားလိဂ်ဘွဲ့အား ကာကွယ်နိုင်တဲ့ပွဲတွင် ပွဲသိမ်းခရာမမှုတ်မီ ကွင်းအတွင်း ဆင်းလာကာ အောင်ပွဲခံခဲ့တဲ့ ဆဲလ်တစ်ပရိသတ်များ
=====================

ရာပေါင်းများစွာသော ဆဲလ်တစ်ပရိသတ်များဟာ ရာသီသိမ်းပွဲတွင် ဟတ်စ်အား အနိုင်ယူကာ ချန်ပီယံဘွဲ့အား ကာကွယ်နိုင်ခဲ့တဲ့ပွဲတွင် ပွဲသိမ်းခရာမမှုတ်မီမှာပင် ကွင်းအတွင်း ဆင်းလာကာ အကြီးအကျယ် အောင်ပွဲခံခဲ့ပါတယ်။
ဆဲလ်တစ်ဟာ ဟတ်စ်နှင့်ပွဲတွင် အနိုင်ရရှိမှသာလျှင် ချန်ပီယံဖြစ်လာမှာ ဖြစ်ပါတယ်။ တဖက်တွင် ဟတ်စ်ကမူ ဆဲလ်တစ်အား သရေကျရုံဖြင့် ချန်ပီယံဖြစ်လာပါမယ်။
ဟတ်စ်ဟာ ရှန့်လန်းရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ဆဲလ်တစ်ဟာ ပထမပိုင်းမပြီးခင် အချိန်ပိုမှာပင် အန်းအန်ဂျယ်ရဲ့ ပင်နယ်တီဂိုးဖြင့် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။
ယင်းနောက် ဆဲလ်တစ်ဟာ ၈၆ မိနစ်နှင့် အချိန်ပို ၉၇ မိနစ်တို့တွင် မီဒါနှင့် အော့စ်မန်တို့ရဲ့ ဂိုးဖြင့် အနိုင်ဂိုးတွေ ရရှိခဲ့ပါတယ်။
ဟတ်စ်ဟာ အချိန်ပို ၈ မိနစ်မှာတော့ ဂိုးသမားအပါအဝင် တစ်သင်းလုံး တိုက်စစ်ဖွင့်ပြီး ချေပဂိုး ရရှိရေး ကြိုးပမ်းလာကြပါတယ်။ ဟတ်စ်ရဲ့ တိုက်စစ်ကို ဆဲလ်တစ်က တားဆီးလိုက်ပြီးနောက် အော့စ်မန်က ဆဲလ်တစ်အတွက် အနိုင်သေချာစေမဲ့ တတိယဂိုးအား သွင်းယူခဲ့ပါတယ်။
အော့စ်မန်က တတိယဂိုးသွင်းယူလိုက်ချိန်မှာတော့ ဆဲလ်တစ်ပရိသတ်များဟာ ကွင်းအတွင်း ဆင်းလာပြီး အကြီးအကျယ်အောင်ပွဲခံခဲ့ကြတာပါ။
ယင်းအချိန်မှာ ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်လိုက်သလားဆိုတာ မသေချာပါဘူး။
ကွင်းလုံခြုံရေးများနှင့် ရဲတပ်ဖွဲ့ဝင်များဟာ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအား အကာအကွယ် ချက်ချင်းပေးခဲ့ရပါတယ်။
ယင်းနောက်မှာတော့ ဆဲလ်တစ်ကစားသမားများလည်း အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။
ဆဲလ်တစ်ဟာ ယခုရာသီတွင် ၈ လတိုင်တိုင် ဆိုးဆိုးရွားရွား ကြုံခဲ့ရပေမဲ့ နည်းပြဟောင်းမာတင်အိုနေးလ် လက်အောက်တွင် ပြန်လည်ရုန်းထလာပြီးနောက် အံ့ဩသင့်ဖွယ် ချန်ပီယံဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

image