ရာသီသစ်တွင် အသုံးစရိတ်စည်းမျဉ်းသစ် အသုံပြုလာမဲ့ ချန်ပီယံရှစ်
====================

ချန်ပီယံရှစ်ကလပ်များဟာ လာမယ့်ရာသီတွင် ဘဏ္ဍာရေးစည်းမျဉ်းသစ် Squad Cost Rules (SCR) ကို အသုံးပြုလာပါမယ်။
ချန်ပီယံရှစ်ဟာ ပရီးမီးယားလိဂ်နှင့် မတူညီတဲ့ Squad Cost Rules (SCR) စနစ်ကို အသုံးပြုရေး နိုဝင်ဘာလကတည်းက ခွင့်ပြုချက် ရရှိခဲ့တာ ဖြစ်ပြီး ယခုအခါ ကလပ်များက ယင်းစနစ်ကို အသုံးပြုရေး ထောက်ခံမဲပေးကာ ဆုံးဖြတ်လာကြပါတယ်။
Squad Cost Rules (SCR) မှာ လက်ရှိ အသုံးပြုနေတဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စနစ်နေရာတွင် အစားထိုး အသုံးပြုလာပါမယ်။
လက်ရှိအသုံးပြုနေတဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းအရ ကလပ်များဟာ သုံးနှစ်အတွင်း ပေါင် ၃၉ သန်း အရှုံးပေါ်ခွင့် ရှိပါတယ်။
ဒါပေမဲ့ ယခု စနစ်သစ်အရ ကလပ်များဟာ အမြတ်နှင့် အရှုံးပေါ်တွင် မမူတည်တော့ဘဲ ဘောလုံးမှ ရရှိတဲ့ ဝင်ငွေပေါ် မူတည်ပြီး အသုံးပြုလာနိုင်ပါမယ်။
ချန်ပီယံရှစ်ကလပ် ၂၄ ခုတို့မှ ကလပ် ၁၆ ခုတို့က ယခုစနစ်သစ် Squad Cost Rules (SCR) ကို သုံးရန် မဲပေးခဲ့ကြတာပါ။
၂၀၂၄-၂၅ ရာသီအတွင်းတွင် ချန်ပီယံရှစ်ကလပ် ၃ ခုတည်းသာ အမြတ်ထွက်ခဲ့ပါတယ်။ ယင်းမှ စတုတ်စီးတီးမှာ ချေးငွေ ပေါင်သန်း ၉၀ အား ပိုင်ရှင်သစ်ဂျွန်ကို့တ်စ်က ပေးချေလာမှုကြောင့် အမြတ်ထွက်ခဲ့တာပါ။ တကယ်လို့များ ယင်းချေးငွေကိုပါ ထည့်တွက်လာမည်ဆိုပါက စတုတ်စီးတီးမှာ ပေါင် ၂၉ သန်း အရှုံးပေါ်လာပါမယ်။
ကျန် ချန်ပီယံရှစ်ကလပ် ၂၁ ခုတို့ဟာ စုစုပေါင်း ပေါင် ၃၁၇ သန်းအထိ အရှုံးပေါ်ခဲ့ပါတယ်။
ဘဏ္ဍာရေး စနစ်သစ်အရ ပိုင်ရှင်များအနေဖြင့် သုံးနှစ်တာကာလအတွင်းတွင် ကလပ်အား ပေါင် ၃၃ သန်း ထောက်ပံ့လာနိုင်ပြီး တစ်ရာသီလျှင် ပေါင် ၁၅ သန်းထက်ပိုပြီး မထောက်ပံ့နိုင်ပါဘူး။
စည်းမျဉ်းထဲတွင် ပိုင်ရှင်ဆက်စပ်နေတဲ့ စပွန်ဆာစာချုပ်နှင့်ပတ်သက်ပြီးတော့ ထည့်သွင်းထားပါသေးတယ်။
ယခုအသုံးပြုလာမဲ့ စနစ်သစ်ကြောင့် ကွင်းအကြီးကြီး၊ စပွန်ဆာကြေးများများ ရရှိတဲ့ ကလပ်များက ပိုမို အကျိုးရှိလာမှာ ဖြစ်ပြီး ကစားသမားအသုံးစရိတ် ပိုမို သုံးလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လိဂ် ၁ တွင်လည်း Salary Cost Management Protocol (SCMP) စည်းမျဉ်းကို အသုံးပြုလာကာ လုပ်ခအသုံးစရိတ်အား ၆၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချလာပါတယ်။
ချန်ပီယံရှစ်မှ တန်းဆင်းလာတဲ့ လိဂ် ၁ ကလပ်အနေဖြင့် ပထမရာသီတွင် ၆၅ ရာခိုင်နှုန်းအထိ အသုံးပြုခွင့် ရှိပြီး ယခုအသုံးပြုနေတဲ့ ၇၅ ရာခိုင်နှုန်းစနစ်နေရာမှာ အစားထိုးသုံးလာပါမယ်

image