အွန်လိုင်းမှတစ်ဆင့် သတင်းမှားဖြန့်ဝေပြီး လုပ်ငန်းစဉ်အပေါ် ထိခိုက်စေသည့် အကောင့်များအား တည်ဆဲဥပဒေဖြင့် အရေးယူမည်
အွန်လိုင်းမီဒီယာများပေါ်တွင် နိုင်ငံတော်နှင့် ပြည်သူလူထုအကြား အထင်အမြင်လွဲမှားစေမည့် ပြောဆိုချက်များ၊ တရားမဝင် အကျိုးအမြတ်ယူသည့် ပွဲစားများနှင့် ချိတ်ဆက်မှုများအပြင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မျက်ကွယ်ပြု၍ သတင်းမှားဖြန့်ဝေနေသည့် အွန်လိုင်းအကောင့်များကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ သိရှိစေရန် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗီနိုင်း (Vinyl) ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင် (Pamphlet) များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးထားသော်လည်း အချို့သော ပြည်သူများသည် ပွဲစားများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းကြောင့် မလိုလားအပ်သည့် အုပ်ချုပ်မှုဖြစ်စဉ်များ ကြုံတွေ့နေရကြောင်း သိရသည်။ ထိုသို့ ပွဲစားများနှင့် ပါဝင်ပတ်သက်နေသည့် ဝန်ထမ်းများရှိပါကလည်း ထိရောက်စွာ အရေးယူလျက်ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေအရ အကျိုးဝင်သည့် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို လွယ်ကူစွာရရှိစေရန် ဆောင်ရွက်ပေးနေသည့် ကာလဖြစ်သည်။
သို့ရာတွင် အွန်လိုင်းပေါ်၌ "Shwe Yamin (@shwe.yamin297)" အမည်ရှိ အကောင့်သည် ၎င်း၏ မူလလုပ်ငန်းဖြစ်သော ကား/ဆိုင်ကယ် အရောင်းအဝယ် ကြော်ငြာမှုများအပြင် ဝန်ကြီးဌာန၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို မျက်ကွယ်ပြုကာ ပြည်သူများအကြား စိုးရိမ်ပူပန်မှုဖြစ်စေမည့် အရေးအသားများဖြင့် သတင်းမှားများ ဖြန့်ဝေနေပြီး ဝန်ကြီးဌာန၏ ရက် (၁၀၀) လမ်းညွှန်စီမံချက်ကို ထိခိုက်စေသည့်အတွက် အဆိုပါအကောင့်အား တရားဝင် ထည့်သွင်းထုတ်ပြန် ကြေညာရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်ပါက အထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားနိုင်ပြီး၊ အွန်လိုင်းပေါ်မှတစ်ဆင့် အထောက်အထားခိုင်လုံမှုမရှိဘဲ သတင်းမှားဖြန့်ဝေသူများကိုလည်း တည်ဆဲဥပဒေများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။