၁၆ နှစ်အတွင်း ပထမဆုံးပြည်တွင်းဖလား ၂ လုံး လုံး ရယူနိုင်ခဲ့မှုအတွက် အင်တာမီလန်နည်းပြချီဗူးဂုဏ်ယူ
====================

အင်တာမီလန်ဟာ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ လာဇီယိုကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ၂ လုံးအား တပြိုင်တည်း ရယူနိုင်ခဲ့ပါတယ်။
ခရစ္စတီယန်ချီဗူးဦးဆောင်တဲ့ အင်တာမီလန်ဟာ ယခုလအစောပိုင်းတုန်းက ရာသီသိမ်းရန် သုံးပွဲလိုနေသေးတဲ့အချိန်တွင် ၂၁ ကြိမ်မြောက် စကူဒက်တိုဖလားအား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ရောမရှိ Stadio Olimpico တွင် ကစားတဲ့ ဗိုလ်လုပွဲမှာတော့ အင်တာမီလန်ဟာ အဒမ်မာရူဆစ်(OG)၊ လူသာရိုမာတီနက်ဇ်တို့ရဲ့ ဂိုးတွေဖြင့် ၁၀ ကြိမ်မြောက် ကိုပါအီတာလီယာဖလားအား ရယူနိုင်ခဲ့ပါတယ်။
အင်တာမီလန်ဟာ ၂၀၁၀ ခုနှစ်တုန်းက မော်ရင်ဟိုလက်ထက်တုန်းက ဆုဖလား ၃ လုံး ဆွတ်ခူးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ၂ လုံး ရယူခဲ့တာပါ။ ချီဗူးဟာ ၂၀၁၀ ခုနှစ်တုန်းက ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၃ လုံး ဆွတ်ခူးစဉ်တုန်းက အင်တာမီလန်အသင်းတွင် ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
ခရစ္စတီယန်ချီဗူးက "လိဂ်ဖလားနဲ့ ရှုံးထွက်ဖလား ရယူနိုင်ဖို့ဆိုတာ ဘယ်တော့မှ အာမခံချက် မရှိတဲ့အရာပါ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယန်ချီဗူးဟာ အင်တာမီလန်ကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာပင် ပြည်တွင်းဖလား ၂ လုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

image