VAR ဒိုင်များအပေါ် ဘယ်တုန်းကမှ အယုံအကြည်မရှိခဲ့ကြောင်း ဂွါဒီယိုလာ တိုက်ခိုက် ပြောကြားလာ
======================

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက VAR ဒိုင်ရဲ့ ဆုံးဖြတ်ချက်မှာ အကြွေစေ့ခေါင်းပန်းလှန်ရသလို ဖြစ်နေကြောင်းနှင့် ယင်းစနစ်ကို အင်္ဂလန်တွင် စတင် အသုံးပြုကတည်းက အယုံအကြည် မရှိကြောင်း တိုက်ခိုက် ပြောကြားလာပါတယ်။
VAR ဟာ တနင်္ဂနွေနေ့တုန်းက အာဆင်နယ်တို့ ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဝက်စ်ဟမ်းရဲ့ ချေပဂိုးအား အချိန်အတန်ကြာ စစ်ဆေးကာ ခွင့်မပြုခဲ့ပြီးနောက် အားလုံးရဲ့ အာရုံစိုက်ခြင်းခံနေရပါတယ်။
VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် အာဆင်နယ်မှာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ လက်ကျန် ပရီးမီးယားလိဂ္ ၂ ပွဲလုံး အနိုင်ရရှိလာပါက ချန်ပီယံဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဂွါဒီယိုလာက ၎င်းရဲ့မန်စီးတီးအသင်းမှာ ဒိုင်ဆုံးဖြတ်ချက်ကြောင့် အစဉ် နစ်နာလာခဲ့ရကြောင်းအား ၂၀၂၄ နှင့် ၂၀၂၅ အက်ဖ်အေဖလားဗိုလ်လုပွဲ ရှုံးပွဲကို ပမာပြု ထောက်ပြလာပါတယ်။
ဂွါဒီယိုလာက "ဒိုင်လူကြီးတွေ သူတို့ အလုပ်သူတို့ မလုပ်လို့ အက်ဖ်အေဖလားဗိုလ်လုပွဲ ၂ ကြိမ် ရှုံးခဲ့တယ်။ VAR လည်း အတူတူပဲ"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ပဲလေ့စ်အား အင်္ဂလန်ဂိုးသမားဒိန်းဟင်ဒါဆင်ရဲ့ ပင်နယ်တီ ကာကွယ်မှုကြောင့် ရှုံးနိမ့်ခဲ့တာပါ။
ဒါပေမဲ့ ဟင်ဒါဆင်ဟာ ယင်းပွဲတွင် ပင်နယ်တီဧရိယာပြင်ပတွင် ဘောလုံးထိခဲ့ပေမဲ့ အနီကတ်ပြသခြင်းခံရနိုင်ရာ ယင်းအဖြစ်အပျက်မှာ ပွဲကို အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် မန်စီးတီးဟာ ယင်းမတိုင်မီ ယူနိုက်တက်အား ရှုံးနိမ့်တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း ပင်နယ်တီ ၂ ကြိမ် ရခဲ့သင့်တယ်လို့ ယုံကြည်နေပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက VAR ကို ဖယ်ထုတ်ရေးမှာ ကစားသမားများရဲ့ တာဝန်ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။
စပိန်လူမျိုးနည်းပြက "ဒီလို အဖြစ်အပျက် ဖြစ်လာတဲ့အခါ ကျွန်တော်တို့အနေနဲ့ ပိုကောင်းအောင် လုပ်ရမယ်။ ဒိုင်လူကြီး သို့မဟုတ် VAR မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတုန်းက ကျွန်တော် ရောက်လာကတည်းက လုံးဝ အယုံအကြည် မရှိခဲ့တာပါ။ အမြဲတမ်း သင်ယူလာခဲ့တာက ပိုကောင်းအောင် လုပ်ရမယ် ဆိုတာပါ။ ဒါကို ပိုကောင်းအောင် လုပ်ရမယ်။ VAR ဆိုတာ အကြွေစေ့ ခေါင်းပန်လှန်သလို ဖြစ်နေတာကြောင့် ကျွန်တော်တို့ လုပ်ရမဲ့ အရာအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဦးဆောင်တဲ့ မန်စီးတီးဟာ ယနေ့ညတွင် ပဲလေ့စ်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယခုပွဲ အနိုင်ရမှသာလျှင် ထိပ်ဆုံးမှ အာဆင်နယ်အား ၂ မှတ်အကွာဖြင့် ဆက်လက် ဖိအားပေးထားနိုင်ပါမယ်။
ဒါ့အပြင် ဂွါဒီယိုလာက "ဒါက ကျွန်တော်တို့ လက်ထဲမှာရော ပရီးမီးယားလိဂ် လက်ထဲမှာရော မရှိဘူး။ ကျွန်တော် အမြဲပြောလာခဲ့သလိုပေါ့ ကစားသမားတွေ လက်ထဲမှာ။ လုပ်ကြ၊ လုပ်ကြ၊ ပိုကောင်းအောင် လုပ်ကြ။ ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတည်းက ပိုကောင်းအောင် လုပ်ဖို့ပါ။ ဒါကပဲ ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပါ"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဦးဆောင်တဲ့ မန်စီးတီးဟာ သုံးရာသီဆက် အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် စနေနေ့တွင် ဝင်ဘာလေကွင်းမှာ ချဲလ်ဆီးနှင့် ရင်ဆိုင်ကစားရပါဦးမယ်။

image