ဟန်ဆီဖလစ်ကို စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိလာတဲ့ ဘာစီလိုနာ
======================
ဘာစီလိုနာဟာ ဟန်ဆီဖလစ်ကို အသင်းတွင် ၂၀၂၈ ခုနှစ်အထိ ရှိနေစေမဲ့ စာချုပ်သစ်အား ချုပ်ဆိုရန် သဘောတူညီမှု ရရှိလာပါတယ်။
ဘာစီလိုနာဟာ တနင်္ဂနွေနေ့တုန်းက နူးကမ့်တွင် ရီးရဲလ်မက်ဒရစ်အား ၂-၀ ဖြင့် အနိုင်ရရှိပြီးနောက် ဂျာမန်လူမျိုးနည်းပြလက်အောက် ၂ ရာသီတွင် လာလီဂါဖလား ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက် ၆၁ နှစ်ရှိ နည်းပြရဲ့ ယခင်စာချုပ်မှာ လာမဲ့ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး ယခုအခါ တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
ဟန်ဆီဖလစ်က "ဒီအတွက် အရမ်းပျော်ပါတယ်။ သူတို့ ကျွန်တော်နဲ့ ကျွန်တော့်အသင်းက တစ်နှစ် သို့မဟုတ် နှစ်နှစ် အလုပ်လုပ်ဖို့ ယုံကြည်နေသေးတယ်"လို့ ပြောကြားသွားပါတယ်။
ဘာစီလိုနာဟာ ရာသီသိမ်းရန် ၃ ပွဲအလိုတွင် လာလီဂါဖလားဆွတ်ခူးလာတာ ဖြစ်ပြီး ရမှတ်တစ်ရာအထိ ရယူနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။
ဆက်လက်ပြီး ဂျာမနီနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက "နည်းပြအမြောက်အမြားကတော့ သုံးနှစ် လေးနှစ် သို့မဟုတ် ငါးနှစ်စာချုပ်ချုပ်ဆိုခံရရင် ပျော်ကြတယ်။ ဒါပေမဲ့ ဘာစီလိုနာမှာက အကန့်အသတ်ရှိတာ ကောင်းတယ်။ ဒီအတွက် အရမ်းဂုဏ်ယူတယ်။ ကျွန်တော်တို့ ၂၀၂၈ ခုနှစ်အထိ သွားမယ်။ အားလုံး အဆင်ပြေလား ကြည့်မယ်။ အဆင်ပြေရင် ဆက်သွားမယ်။ ကျွန်တော်တို့ တစ်နှစ်စောပြီး ဆုံးဖြတ်ခွင့် ရှိတယ်။ ကလပ်လုပ်တာ မှန်ပါတယ်။ ကျွန်တော်လည်း မှန်တယ်။ ဒါက ကောင်းတဲ့ စာချုပ်ပါ"လို့ ပြောကြားသွားပါတယ်။
ဟန်ဆီဖလစ်ဟာ ၂၀၂၄ ခုနှစ်တွင် ဇာဗီးနေရာမှာ အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ပထမဆုံးရာသီတွင် ကိုပါဒယ်ရေးဖလားရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
သူဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ပြီးနောက် ဂျာမနီနည်းပြအဖြစ်လည်း ၂ နှစ်ကြာ ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ဘိုင်ယန်မြူးနစ်နှင့်အတူ ၂၀၂၀ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားအပါအဝင် အဓိကဆုဖလားအားလုံး ရယူပေးနိုင်ခဲ့ပါတယ်။