ပလေးအော့ဖ်ပြိုင်ဘက်မစ်ဒယ်ဘရော့အား စပိုင်လုပ်မှုအတွက် စွဲချက်တင်ခြင်းခံရပြီးနောက် အချိန်ပိုပေးရန် တောင်းဆိုလာတဲ့ ဆောက်သမ်တန်
==================

ဆောက်သမ်တန်ဟာ ချန်ပီယံရှစ်ပလေးအော့ဖ်ပြိင်ဘက် မစ်ဒယ်ဘရော့အား စပိုင်လုပ်မှုအတွက် စွဲချက်တင်ခြင်းခံရပြီးနောက် အသင်းအတွင်း ပြန်လည်သုံးသပ်မှု ပြုလုပ်ရန်အတွက် အချိန်ပိုပေးရန် တောင်းဆိုလာပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်က ဆောက်သမ်တန်မှာ ပွဲကစားရန် ၇၂ နာရီအတွင်းတွင် အခြားကလပ်တစ်ခုရဲ့‌လေ့ကျင့်ခန်းအစီအစဉ်ကို စုံစမ်းထောက်လှမ်းခြင်း မပြုလုပ်ရတဲ့ စည်းမျဉ်းကို ချိုးဖောက်ထားကြောင်း စွပ်စွဲထားပါတယ်။
မစ်ဒယ်ဘရော့က ရေးဗားဆိုက်ကွင်းတွင် ဂိုးမရှိသရေကျခဲ့တဲ့ ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ နှစ်ရက်အလို ကြာသပတေးနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်အား ဆောက်သမ်တန်အသင်းနည်းပြအဖွဲ့ဝင်တစ်ဦး ခြုံပုတ်အတွင်းမှ ချောင်းမြောင်းကာ ဗီဒီယိုမှတ်တမ်းရိုက်ကူးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အထက်ပါ စွပ်စွဲမှုကို ဆောက်သမ်တန်ဘက်က ငြင်းဆိုထားခြင်း မရှိပါဘူး။
ဆောက်သမ်တန်နည်းပြတွန်ဒါအက်ကတ်ဟာ စနေနေ့တုန်းက ပလေးအော့ဖ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြိုင်ဘက်ဆောက်သမ်တန်အသင်းအား စပိုင်လုပ်မှုနှင့်ပတ်သက်ပြီး မေးခွန်းများစွာ မေးမြန်းခြင်းခံရပြီးနောက် ချက်ချင်း ထပြန်သွားခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဆောက်သမ်တန်အနေဖြင့် အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ စွဲချက်တင်မှုကို ၁၄ ရက်အတွင်း တုံ့ပြန်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆောက်သမ်တန်ဟာ ယင်းနှင့်ပတ်သက်ပြီး အသင်းအတွင်း ပြန်လည်သုံးသပ်မှုများ ပြုလုပ်ရန် အချိန်ပိုပေးရေး လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ လျှောက်ထားလာပါတယ်။
ဆောက်သမ်တန်နှင့် မစ်ဒယ်ဘရော့တို့ဟာ ယနေ့ညတွင် ပလေးအော့ဖ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရပါမယ်။
ယခင်တုန်းက အင်္ဂလိပ်ဘောလုံးလိဂ်ဟာ ပလေးအော့ဖ်ပြိုင်ဘက် ဒါဘီအသင်းရဲ့ လေ့ကျင့်ခန်းဆင်းမှုအား စပိုင်စေလွှတ်ကာ ကင်းထောက်စေခဲ့မှုအတွက် လိဒ်ယူနိုက်တက်အား ပေါင် ၂၀၀၀၀၀ ဒဏ်ရိုက်ခဲ့ဖူးပါတယ်။
တဖက်တွင် ဖီဖာဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နယူးဇီလန်အသင်းကို ဒရုန်းဖြင့် ကင်းထောက်မှုအတွက် ကနေဒါအမျိုးသမီးအသင်းကို ရမှတ် ၆ မှတ်လျှော့ချကာ စပိုင်လုပ်မှုတွင် ပါဝင်တဲ့ နည်းပြအဖွဲ့ဝင်များကိုလည်း တစ်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖူးပါတယ်။

image