အာဆင်နယ်နှင့်ပွဲစဉ်မှ ချေပဂိုးအား ခွင့်မပြုမှုအတွက် ဒိုင်အဖွဲ့ချုပ်ထံ ဝက်စ်ဟမ်း ဆက်သွယ် မေးမြန်းလာမည်
=====================

ဝက်စ်ဟမ်းဟာ အာဆင်နယ်နှင့်ပွဲစဉ်မှ ချေပဂိုးအား ခွင့်မပြုမှုအတွက် ဒိုင်အဖွဲ့ချုပ် Professional Game Match Officials (PGMO) ထံ ဆက်သွယ်လာပါမယ်။
တနင်္ဂနွေနေ့ည London Stadium ပွဲစဉ်ရဲ့ ပွဲချိန် ၉၅ မိနစ်တွင် ကယ်လမ်ဝီလ်ဆင်က ဝက်စ်ဟမ်းအတွက် ချေပဂိုး သွင်းယူလာပြီးနောက် ဝက်စ်ဟမ်းရဲ့ ပရီးမီးယားလိဂ်မှ တန်းမဆင်းရရေး တိုက်ပွဲအတွက် မျှော်လင့်ချက်လင်းလက်လာသလို အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအပေါ် ထိုးနှက်ချက်ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ VAR က စစ်ဆေးမှု ပြုလုပ်လာပြီးနောက် ပါဘလိုက အာဆင်နယ်ဂိုးသမားရာယာကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ ဆုံးဖြတ်ကာ ဂိုးအား ခွင့်မပြုခဲ့ပါဘူး။
ယခုအခါ ဝက်စ်ဟမ်းဟာ အဆိုပါ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး Professional Game Match Officials (PGMO) ထံမှ ရှင်းလင်းချက် တောင်းဆိုလာတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝက်စ်ဟမ်းဟာ ဒိုင်လကြီးခရစ်ကာဗာနစ်ချ်နှင့် VAR ဒိုင် ဒါရင်းအင်္ဂလန်တို့အကြား အပြန်အလှန်စကားပြောဆိုထားတဲ့ အသံဖိုင်ကိုလည်း တောင်းဆိုလာပါမယ်။
အာဆင်နယ်ဟာ ဝက်စ်ဟမ်းနိုင်ပွဲကြောင့် မန်စီးတီးအား ၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အား ဆက်လက် ဦးဆောင်လာပါတယ်။ ဝက်စ်ဟမ်းက အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်လာရပါတယ်။ တန်းမဆင်းရရေး ပြိုင်ဘက် စပါးစ်က ယနေ့ညတွင် လိဒ်အား ဧည့်ခံကစားလာရမှာ ဖြစ်လို့ ရမှတ် ၄ မှတ်အထိ ကွာဟလာနိုင်ပါတယ်။
တဖက်တွင် ဘောလုံးဝေဖန်ရေးသမားများဖြစ်ကြတဲ့ ဝိန်းရွန်းနီ၊ ဂယ်ရီနဗီးလ်အပါအဝင် ကစားသမားဟောင်းအများစုက VAR ရဲ့ ဆုံးဖြတ်ချက်မှာ မှန်ကန်တယ်လို့ ယုံကြည်နေကြပါတယ်။

image