မေဂျာလိဂ်သမိုင်းတွင် ဂိုး/ဖန်တီးမှု အကြိမ် ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် လီယွန်နယ်မက်ဆီ သမိုင်းမှတ်တိုင်သစ်စိုက်ထူလာ
====================
လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်သမိုင်းတွင် နောက်ထပ် စံချိန်သစ်တစ်ခု ရေးထိုးလာခဲ့ပြန်ပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားစူပါစတားဟာ ကနေဒါတွင် တိုရွန်တိုအက်ဖ်စီအား အင်တာမိုင်ယာမီက ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ကိုယ်တိုင် ၁ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် မေဂျာလိဂ်သမိုင်းတွင် ဂိုး/ဖန်တီးမှု အကြိမ် ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာတာ ဖြစ်ပါတယ်။
ယင်းပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အင်တာမိုင်ယာမီရဲ့ စုတုတ္ထဂိုးကို သွင်းခဲ့သလို ကစားဖော် လူးဝစ်ဆွာရက်ဇ်နှင့် ရီဂူလွန်တို့ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
မက်ဆီဟာ တိုရွန်တိုနှင့်ပွဲတွင် ၁ ဂိုးသွင်းကာ ၂ ကြိမ်ဖန်တီးနိုင်ခဲ့ပြီးနောက် မေဂျာလိဂ်ပွဲ ၆၄ ပွဲတွင် ၅၉ ဂိုးသွင်းကာ ဖန်တီးမှု ၄၁ ကြိမ်ဖြင့် မေဂျာလိဂ်သမိုင်းတွင် အမြန်ဆုံး ဂိုး/ဖန်တီးမှု ရာပြည့်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
မက်ဆီမတိုင်မီ မေဂျာလိဂ်သမိုင်းတွင် ဂိုး/ဖန်တီးမှု အမြန်ဆုံးရာပြည့်သူအဖြစ် တိုရွန်တိုဂန္ထဝင်ဆီဘာစတီယန်ဂျီယိုဗန်ကိုက စံချိန်ရေးထိုးထားခဲ့ပေမဲ့ ၉၅ ပွဲ ကစားပြီးမှ ဒီမှတ်တမ်းကို ရယူနိုင်ခဲ့တာပါ။
မက်ဆီဟာ ၂၀၂၆ ခုနှစ်မေဂျာလိဂ်ပြိုင်ပွဲတွင် ၁၁ ပွဲကစားထားရာမှာ ၉ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးထားပါတယ်။